မြဝတီ- ကော့ကရိတ်အာရှကားလမ်းတွင် လမ်းပြိုကျမှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူများရှိနေ
NSS - သြဂုတ် ၇
သောင်းရင်းမြစ်ရေမြင့်တက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှကားလမ်းရှိ တောနော်ရေတံခွန်အနီးတွင် ကားလမ်းပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါကားလမ်းမှာ ယနေ့(သြဂုတ်လ ၇ ရက်)၊ နံနက် (၁၁)နာရီအချိန်ခန့်တွင် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ပုလဲဖြူလူမှုကူညီရေးအသင်းထံမှ သိရသည်။
သောင်းရင်းမြစ်ရေမြင့်တက်ပြီး ကားလမ်းရေကျော်မှုများ ဖြစ်ပွားခဲ့သည့်အပြင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းမှုကြောင့် မြဝတီ- ကော့ကရိတ် အာရှကားလမ်းသည် အထက်ပါကဲ့သို့ ပြိုကျမှုခဲ့ကြောင်း သိရသည်။
“ကားလမ်းပြိုသွားပါပြီ။ ပြိုတာမှနည်းနည်းလေး ပြိုတာမဟုတ်ဘူး ပေ(၁၀၀)ကျော်လောက်ကို လုံးဝလမ်းမရှိတော့ဘူး။ လုံးဝကို ရေမြောင်းကြီးဖြစ်သွားပါပြီ။ ဆိုင်ကယ်တွေ လူတွေဖြတ်ဖို့မပြောနဲ့ ဘာမှကိုလုပ်လို့မရဘူး။ ကျွန်တော်ထင်တာတော့ ပြန်ပြင်ဖို့တော့ တစ်လ၊ နှစ်လတောင် အသည်းအသန်လုပ်ရမယ်။ ဖို့တယ်ဆိုတာကတော့ မြန်တယ်လေ။ အခုက လုံးဝကိုပြတ်ထွက်သွားပြီး ချောက်ကြီးဖြစ်သွား တာ” ဟု ပုလဲဖြူလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ထို့ပြင် အထက်ပါဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိနေကြောင်းသိရပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။
“မြေပြိုသွားတဲ့အထဲမှာ ကားအသေးတစ်စီးပါတယ်၊ အကြီးတစ်စီးပါသွားတယ်။ ဒဏ်ရာရတဲ့သူတွေတော့ရှိပါတယ်။ သွားပြီးကယ်နေတုန်းဆိုတော့ သေချာမသိရသေးဘူး အခုကယ်တာတော့ နှစ်ယောက်ကယ်ပြီးပါပြီ။ ဘယ်လောက်ကျန်သေးလဲတော့မသိရသေးဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် သြဂုတ်လ(၆)ရက်ကလည်း အဆိုပါ အာရှလမ်းမပေါ်ရှိ တောနော်ရေတံခွန်အနီးတွင် တောင်မြေနံရံပြိုကျမှုဖြစ်ပွားခဲ့ရာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့အရေးနှင့် ကမ္ဘာတစ်ဝန်းက ၂၄ နာရီအတွင်းထူးခြားသတင်းများ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ