မီးလောင်ပျက်စီးခဲ့သည့် မော်လမြိုင်မြို့ရှိ အထက(၉)ကျောင်း၌ ကျောင်းသား(၃၀၀၀)နီးပါးကို စာသင်ချိန်နှစ်ချိန်ခွဲကာ သင်ကြားပေးမည်
NSS - သြဂုတ် ၅
မီးလောင်ပျက်စီးခဲ့သည့် မော်လမြိုင်မြို့ရှိ အထက (၉)အခြေခံပညာကျောင်း၌ ကျောင်းသား (၃၀၀၀) နီးပါးကို စာသင်ချိန် နှစ်ချိန်ခွဲကာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ နှစ်ပေါင်း (၁၀၀)ကျော် သက်တမ်းရှိသည့် အထက(၉)အခြေခံပညာကျောင်းတွင် ယမန်နေ့(သြဂုတ်လ ၄ ရက်)၊ နံနက် ၁ နာရီအချိန်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်သည် ဝါယာရှော့ဖြစ်ကာ မီးလောင်ခဲ့ခြင်းဖြစ်ပြီး ကျောင်းအုပ်ကြီး ရုံးခန်း၊ စာရေးအခန်းနှင့် စာသင်ခန်း(၉)ခန်းပါ နှစ်ထပ်ဆောင်၊ စာသင်ခန်း (၇)ခန်းပါ သုံးထပ်ဆောင်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် အထက (၉)အခြေခံပညာကျောင်း၌ ကျောင်းသား/ကျောင်းသူ ဦးရေ (၃၀၀၀)နီးပါး တက်ရောက် ပညာသင်ယူလျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
“ကျောင်းက တနင်္လာနေ့ ပြန်ဖွင့်မှာ။ အခု ရှင်းလင်းရေးတွေလုပ်နေပြီ။ ကျောင်းသားက ၂၉၀၀ ကျော်လောက်ရှိတာပေါ့။ လောင်သွားတဲ့နေရာက (၆၀၀)ကျော်စာလောက်ရှိတယ်။ ကျောင်းသားတွေကို စာသင်တာတော့ နှစ်ချိန်ခွဲပြီးတော့ သင်မှာပါ။ အရင်တော့ မနက် (၉)နာရီကနေ ညနေ (၃)နာရီအထိ သင်တာပေါ့။ အခုတော့ ၉ - ၃ နေရာမှာ မနက် ၇ နာရီကနေ ၁၂ နာရီ တစ်သုတ်လုပ်လိုက်မယ်။ Grade တော့ ခွဲထားတာပေါ့” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
သို့သော် အဆိုပါကျောင်း၌ ပညာသင်ယူနေသည့် Grade 9၊ 10၊ 11၊ 12 ကျောင်းသား/ကျောင်းသူများအား ပုံမှန်စာသင်ချိန်ဖြစ်သည့် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“Grade 9၊ 10၊ 11၊ 12 တွေကတော့ အရင်အတိုင်း ၉ - ၃ လုပ်မယ်။ တစ်ချို့အတန်းလေးတွေကတော့ ၁၂ နာရီခွဲကနေ ၄ နာရီခွဲ လုပ်လိုက်တဲ့အချိန်မှာ အတန်းက ဟိုဖက်ဒီဖက် နှစ်ခါသုံးဖြစ်သွားတာပေါ့။ အစားထိုးပြီးတော့ သုံးလို့ရပါတယ်။ နေရာတွေ ရှိပါတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် အထက(၉)အခြေခံပညာကျောင်း မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိနေကြောင်း ၎င်းက ထပ်မံပြောသည်။
အဆိုပါစာသင်ကျောင်းသည် ကိုလိုနီခေတ်ကတည်းက တည်ဆောက်ခဲ့သည့် အဆောက်အအုံတစ်ခုဖြစ်ပြီး လက်ရှိတွင် နှစ်ပေါင်း (၁၀၀)ကျော် သက်တမ်းရှိပြီဖြစ်သည်။
အထက်ပါကဲ့သို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သော စာသင်ကျောင်းအား အမြန်ဆုံးပြန်လည်ပြုနိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်လျက်ရှိပြီး အရေးပေါ်ရန်ပုံငွေကို အသုံးပြုကာ ပြုပြင်သွားရန်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ သြဂုတ်လ ၅ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက ထူးခြားသတင်းများ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း