ဘီးလင်းမြို့တွင် တောင်ကျရေများကြောင့် ရန်ကုန်- မော်လမြိုင်ကားလမ်း ရေကျော်နေပြီး ခရီးသည် (၁၀၀၀)ကျော် အခက်အခဲများဖြစ်ပေါ်နေ
ယွန်း (NSS) - သြဂုတ် ၅
မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် တောင်ကျရေများကြောင့် ရန်ကုန်- မော်လမြိုင်ကားလမ်းရေကျော်နေပြီး ခရီးသည်(၁၀၀၀)ကျော် အခက်အခဲများဖြစ်ပေါ်နေကာ ကားနှစ်စီး ရေထဲမျောပါခဲ့ကြောင်း သတင်းရရှိသည်။
မိုးသည်းထန်စွာရွာသွန်းပြီး တောင်များပြိုကျကာ ရေများအဆက်မပြတ်စီးဝင်မှုကြောင့် ဘီးလင်းမြို့တွင် သြဂုတ်လ(၄)ရက် ညနေပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ကားလမ်းရေကျော်မှုများ ဖြစ်ပွားခဲ့ကြောင်း ဘီးလင်းလူမှုကူညီရေးအသင်းထံမှ သိရသည်။
“တောင်ပေါ်မှာက မိုးအရမ်းရွာတော့ တောင်တွေပြိုတယ်။ နောက်ပြီး ရေတွေကစီးလာပြီးတော့ ရေလျှံတာပေါ့။ တစ်မြို့လုံးမြုပ်နေသလို ဖြစ်နေတာ။ အိမ်ပေါ်အထိကိုရေတွေတက်နေတာပေါ့။ ဘီးလင်းမြို့ပေါ်က ရပ်ကွက်(၅)ခုကတော့ တစ်မြို့လုံးရေတက်နေပါတယ်”ဟု ဘီးလင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ရေကြီးရေလျှံမှုများကြောင့် ဘီးလင်းမြို့ပေါ်ရှိ ဆရာစံ၊ ကန်သာယာ၊ ဖိုးရာဇာ၊ ဗိုလ်တေဇ နှင့် ဖိုးလှကြီးရပ်ကွက်များရှိ နေအိမ်များ၌ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်-မော်လမြိုင်သွား ကားလမ်း မိုင်တိုင်အမှတ် (၁၂၆/၄)နှင့် (၁၂၆/ ၆)ကြား သကြားစက်လမ်းဆုံမှ စက်မှုသုံး အရက်ပျံစက်ရုံရှေ့ လမ်းမကြီးပေါ်တွင် ကားလမ်းရေကျော်မှု ဖြစ်ပွားလျက်ရှိကြောင်း အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောသည်။
“မနေ့ကညနေထဲကနေစပြီးတော့ ရေတွေကြီးတာပါ။ ခုချိန်ထိကိုရေကြီးတုန်းပဲ။ ကားအကြီးတွေတော့သွားလို့ရတယ်။ ကားအသေးတွေ တော့ သွားလို့မရဘူး လမ်းတွေပိတ်နေတာပေါ့။” ဟု ၎င်းကပြော သည်။
လက်ရှိတွင် ကားလမ်းရေကျော်မှုကြောင့် ကားအသေးများသွားလာရန် ကန့်သတ်ထားရပြီး ခရီး သည်(၁၀၀၀)ကျော် အခက်အခဲများရှိနေကြောင်း သိရသည်။
“ခရီးသည်က (၁၀၀၀)ကျော်လောက်တော့ရှိမယ်။ လမ်းပိတ်နေကြတယ်။ ကားနှစ်စီးလည်း ရေထဲမျောသွားတယ်။ ရေကတော့ နည်းနည်းပဲကျသေးတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါဖြစ်စဥ်ကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများ မရှိကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းမှုအရ အဆိုပါ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်တွင် (၂)ပေခန့်ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
KFC က စင်ကာပူရဲ့အထင်ကရ သင်္ကေတတွေပါရှိတဲ့ ဦးထုပ်၊ အိတ်နဲ့တီရှပ်တွေကို အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေမည်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း