မင်္ဂလာဒုံမြို့နယ်တွင် Mini Bus နှင့် ဆိုင်ကယ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူနှင့် (၈)တန်းကျောင်းသူတစ်ဦးသေဆုံး
သန့်ဇင် (NSS) - ဩဂုတ် ၂
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် Mini Bus နှင့် ဆိုင်ကယ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ နှင့် (၈)တန်းကျောင်းသူတစ်ဦးသေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် လူ(၉)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုသည် ယနေ့ (ဩဂုတ်လ ၂ ရက်)၊ နံနက် ၈နာရီ ၂၇မိနစ်အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ပျင်းမပင်ကျေးရွာ၊ ရန်ကုန်-ပြည်လမ်းပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း ပုလဲမြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
“ပဲခူး-ရန်ကုန်ကိုဆွဲတဲ့ Mini Bus က ရန်ကုန်ကနေပဲခူးကို မောင်းလာတဲ့အချိန်မှာ Probox တစ်စီးနဲ့ တိုက်မိမလို ဖြစ်တော့ ညာဘက်ကိုဆွဲချတယ်။ အဲဓီအချိန်မှာ ညာဘက်လမ်းသွယ်ထဲက ကျောင်းပို့ဖို့ ထွက်လာတဲ့ ဆိုင်ကယ်နဲ့ဝင်တိုက်တယ်။ ပြီးတော့မှ အုတ်တံတိုင်းကိုဝင်တိုက်တာ” ဟု ပုလဲမြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
၎င်းဖြစ်စဉ်တွင် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားနှင့် (၈)တန်းကျောင်းသူတစ်ဦးသည် နေရာ၌ပင် သေဆုံးသွားခဲ့ပြီး (၅)နှစ်အရွယ် သူငယ်တန်းကလေးငယ်တစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်မောင်းနှင်သူရော၊ ဆိုင်ကယ်ပေါ်ပါလာတဲ့(၈)တန်း ကျောင်းသူရော နေရာမှာတင်ပွဲချင်းပြီးဆုံးတယ်။ နောက်ထက်ကလေးငယ်က ကားအောက်ထဲမှာ ညှပ်နေတာ။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ အဲဒီကလေးကိုဆွဲထုတ်ရတယ်။ ကလေးငယ်က ဘယ်လက်ကျိုးတယ်။ ညာခြေထောက်ကျိုးသွားတယ်။ Mini Bus ပေါ်မှာစီးတဲ့ လူ(၉)ဦးလဲ ဒဏ်ရာရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယာဉ်တိုက်မှုကြောင့် Mini Busပေါ်မှ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၅)ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးသူ(၂)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ ပတ္တမြားလူငယ်ပရဟိတအသင်း၊ ပုလဲအရန်မီးသတ်စခန်းမှ လူနာတင်ယာဉ်များဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ နိုင်ဂျာနိုင်ငံအတွင်းရှိ ဥရောပနိုင်ငံသားတွေကို ပြန်လည်ကယ်ထုတ်ဖို့ စီစဉ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း