မုန်တိုင်းငယ်၏ အရှိန်ကြောင့် သြဂုတ်လ(၃)ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ဟုဆို
ယွန်း (NSS) - သြဂုတ် ၁
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏အရှိန်ကြောင့် မြန်မာနိုင်ငံရှိ အချို့ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူး ဦးစီးဌာနမှ အသိပေးထားသည်။
အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် (၁၂)နာရီခွဲအချိန်တိုင်းထွာချက်အရ ပိုမိုအားကောင်းလာရာမှ အားကောင်းသော မုန်တိုင်းငယ် အဖြစ်ရောက်ရှိခဲ့ကြောင်း သိရသည်။
အားကောင်းသောမုန်တိုင်းငယ်သည် လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိကြောင်း သိရသည်။
“မြန်မာနိုင်ငံဘက်ကိုတော့ မလာနိုင်ပါဘူး။ မုန်တိုင်းငယ်ကြောင့် ဖြစ်တဲ့အရှိန်ကတော့ ရှိတာပေါ့။ မုတ်သုံကလည်း အားကောင်းနေတယ်ဆိုတော့ သက်ရောက်မှုကတော့ ရှိနိုင်ပါတယ်။ မိုးပိုလာနိုင်တဲ့အနေအထားမရှိပေမယ့် လက်ရှိရွာနေတဲ့ပမာဏလောက်ကို ဆက်ရွက်ဦးမယ့် အနေအထားတော့ရှိတယ် ပိုတော့ပိုမလာနိုင်ပါဘူး။ သြဂုတ်(၃)ရက်နေ့အထိတော့ ရွာနိုင်ပါသေးတယ်” ဟု မိုးဇလမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NSS ကိုပြောသည်။
ထို့ကြောင့် ယနေ့(သြဂုတ်လ ၁ ရက်)မှ (၃)ရက်အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
ထို့ပြင် တစ်ပြည်လုံး၌ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရပြီး ရခိုင်၊ ကရင်နှင့် မွန်တို့တွင် ဒေသအလိုက်နှင့် မကွေးတိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်း၊ တနင်္သာရီနှင့် ကချင် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလမှ အသိပေးထားသည်။
လက်ရှိတွင် အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ အရှိန်နှင့် မုတ်သုံလေ အားအလွန်ကောင်းနေခြင်းတို့ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို သတိပြု၍ နေထိုင်ရန် မိုးဇလမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို ထောင်ဒဏ်လျှော့ပေါ့ပေးပြီး၊ အကျဥ်းသား (၇၀၀၀)ကျော်ကို လွှတ်ပေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ