လက်ဘနွန်နိုင်ငံ ပါလက်စတိုင်းဒုက္ခသည်စခန်းတွင် ပြိုင်ဘက်အုပ်စုအချင်းချင်းအကြား တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ၉ ဦးထက်မနည်း သေဆုံး၍ လူပေါင်းများစွာ ဒဏ်ရာရရှိ
Htay Oung (NSS) - ဩဂုတ် ၁
လက်ဘနွန်နိုင်ငံရှိ ဒုက္ခသည်စခန်းများအနက် အကြီးဆုံးဖြစ်တဲ့ “အိန်အယ်လ်ဟေးဝါ“ စခန်းမှာ ပြိုင်ဘက်လက်နက်ကိုင်အုပ်စုအချင်းချင်းအကြား ၃ ရက်ကြာ တိုက်ပွဲဖြစ်ပွားရာမှာ လူ ကိုးဦးထက်မနည်းသေဆုံးပြီး ဒဏ်ရရှိသူ အတော်များကြောင်း တာဝန်ရှိသူများက ပြောပြတယ်လို့ Al Jazeera က ယမန်နေ့ (ဇူလိုင်လ ၃၁ ရက်)မှာ ရေးသားပါတယ်။
လက်ဘနွန် နဲ့ ပါလက်စတိုင်း ကြား၀င်စေ့စပ်သူတို့က အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းနေခိုက် တောင်ပိုင်း “ဆိုင်ဒွန်” ဆိပ်ကမ်းမြို့အနီးရှိ ဒုက္ခသည်စခန်းကို လက်ဘနွန်စစ်တပ်က တနင်္လာနေ့မှာ ဝိုင်းပတ်ပိတ်ဆို့လိုက်ပါတယ်။
ဒုက္ခသည်ပေါင်း ၅၅,၀၀၀ တို့ခိုလှုံလျက်ရှိတဲ့ စခန်းအပြင်ဘက်ရောက် အယ်လ်ဂျားဇီးယား အမျိုးသမီးသတင်းထောက်ရဲ့ သတင်းပေးပို့ချက်အရ တနင်္လာနေ့မွန်းလွဲပိုင်းမှာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မကြာသေးမီ နာရီပိုင်းအတွင်း ပိုမိုပြင်းထန်လာတယ်လို့ ဆိုပါတယ်။
ဒီကိစ္စဟာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းအပေါ် အပြင်းအထန်ထိခိုက်စေကြောင်း၊ လူနေထူထပ်တဲ့စခန်းအတွင်းမှ မိသားစုအတော်များများ ထွက်ပြေးလွတ်မြောက်နိုင်ပေမယ့် အချို့ကတော့ ထွက်ပြေးဖို့ အန္တရာယ်များလွန်းတာကြောင့် အထဲမှာ ပ်ိတ်မိနေကြောင်း၊ ဒုက္ခသည်အချို့ ဗလီများမှာ ခိုလှုံနေကြတယ်လို့ သိရှိရကြောင်း၊ ပါလက်စတိုင်း ဒုက္ခသည်များအတွက် ကုလသမဂ္ဂ အေဂျင်စီက စခန်းအတွင်း အကူအညီပေးရေး လုပ်ငန်းများနဲ့ ဝန်ဆောင်မှုများကို ဆိုင်းငံ့ထားတယ်လို့ သတင်းထောက်က ပြောပါတယ်။
တနင်္လာနေ့ နံနက်မှာ သေဆုံးသူ ၉ ဦးအထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရရှိသူ ၃၇ ဦးထက်မနည်း ရှိကြောင်း လက်ဘနွန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူက အတည်ပြုတယ်လို့ AP သတင်းအေဂျင်စီက ဖော်ပြပါတယ်။
လက်ဘနွန်နိုင်ငံအတွင်းမှာရှိနေတဲ့ ပါလက်စတိုင်း ဒုက္ခသည်စခန်းအတွင်း ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားရာမှာ လူအများအပြား သေဆုံးခဲ့ရပါတယ်။ မာမွတ်ခါလီ အမည်ရှိ လက်နက်ကိုင်အုပ်စုတစ်စုမှ အဖွဲ့ဝင်တစ်ဦးကို အမည်မသိ သေနတ်သမားတစ်ဦးက သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ကြောင်း သူ့အစား သူ့အပေါင်းအသင်းတွေကို သေနတ်နဲ့ ပစ်သတ်သွားရာမှ စနေနေ့မှာ အကြမ်းဖက်မှု စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
ဖာတာအဖွဲ့မှ စစ်ဗိုလ်ချုပ်တစ်ဦးနဲ့ အစောင့်အကြပ် သုံးဦးတို့က ကားပါကင်ကို ဖြတ်လျှောက်လာစဉ် လက်တုံ့ ပြန်တိုက်ခိုက်ရေးသမားများက ပစ်သတ်လိုက်တဲ့အတွက် နောက်နေ့မှာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း အမည်မဖော်လိုသူ ပါလက်စတိုင်းအရာရှိတစ်ဦးက ပြောပြပါတယ်။
လက်ဘနွန်တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့များနဲ့ ပါလက်စတိုင်းအဖွဲ့များအကြား တွေ့ဆုံဆွေးနွေးပြီးနောက် အပစ်အခတ်ရပ်စဲရေးအသစ်ကို လက်ဘနွန်နယ်မြေခံ လွှတ်တော်အမတ်က တနင်္လာနေ့မွန်းလွဲပိုင်းမှာ ကြေညာခဲ့ပေမယ့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။
အခြေအနေမှာ တစစ ပိုမိုဆိုးရွားလာပုံရပြီး အပစ်အခတ်ရပ်စဲရေးအကြောင်း တစ်ကြိမ်ထက်မက ပြောနေကြပေမယ့် ဘယ်ဖက်ကမှ မလိုက်နာကြကြောင်း၊ ခြေဦးတည့်ရာထွက်ပြေးရင်း ဒုက္ခသည်မိသားစုတွေ တစ်ကွဲ တပြားဖြစ်သွားပြီး စခန်းအတွင်း လုံခြုံရေး လုံး၀ မရှိတော့ကြောင်း စခန်းအပြင်ဘက်ရောက် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်မှုမှ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးကတော့ သူနေထိုင်ရာ ရပ်ကွက်တစ်ခုလုံး ပျက်စီးသွားကြောင်း၊ သေနတ်ကျည်ဆန်တွေ ပလူပျံနေတဲ့အတွက် အသက်ရှင်ဖို့ အားလုံးကို ထားခဲ့ပြီး ခါး၀တ်ခါးစားနဲ့ အသက်လုထွက်ပြေးခဲ့ရကြောင်း၊ ညသန်းခေါင်အထိ ငြိမ်သက်သွားပေမယ့် နံနက် ၂ နာရီခန့်မှာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး အဲဒီနောက်ပိုင်း ပိုမိုပြင်းထန်လာတယ်လို့ ဆိုပါတယ်။
အစ္စရေးနိုင်ငံကို တည်ထောင်ပြီးနောက် ပါလက်စတိုင်း ဒုက္ခသည်များအတွက် ၁၉၄၈ ခုနှစ် အိမ်နီးချင်း လက်ဘနွန်နိုင်ငံမှာ တည်ထောင်ခဲ့တဲ့ (ဒုက္ခသည်) စခန်း ၁၂ ခု အနက် အိန်အယ်လ်ဟေးဝါဟာ တစ်ခုဖြစ်ပါတယ်။ လက်ဘနွန်နဲ့ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ PLO တို့အကြား ၁၉၆၉-ခုနှစ် သဘောတူညီချက်အရ ယေဘုယျအားဖြင့် လက်ဘနွန်စစ်တပ်ဟာ စခန်းများအတွင်းသို့ ၀င်ရောက်ဖို့ ရှောင်ရှားခဲ့ကြပါတယ်။ ဒါပေမယ့် မကြာသေးမီက တိုက်ပွဲများဖြစ်ပွားအပြီးမှာ စစ်တပ်အနေနဲ့ စခန်းများကို ထိန်းချုပ်ဖို့ လက်ဘနွန်အရာရှိ အချို့က တောင်းဆိုခဲ့ပါတယ်။
စခန်းများမှာ လက်နက်ဖျက်သိမ်းရေးနဲ့ လက်ဘနွန်စစ်တပ်ရဲ့ ထိန်းချုပ်အောက်မှာ ထားရှိဖို့ ကတ်တက်ပါတီ လွှတ်တော်အမတ်တို့က တောင်းဆိုကြောင်း အစိုးရပိုင်အမျိုးသားသတင်းအေဂျင်စီက တနင်္လာနေ့မှာ ပြောပါတယ်။
လက်ဘနွန်နိုင်ငံရောက် ပါလက်စတိုင်း(ဒုက္ခသည်)တွေဟာ အလုပ် လုပ်ကိုင်ခွင့်နဲ့ ပိုင်ဆိုင်မှုအခွင့်အရေးများကို ကန့်သတ်ထားခြင်း ခံထားရတဲ့အတွက် အများစုမှာ ဆင်းရဲတွင်းနက်နေရပါတယ်။
အကြမ်းဖက်မှုဟာ အာရပ်-အစ္စရေး ပဋိပက္ခနဲ့ ပါလက်စတိုင်းနိုင်ငံကို ဇီယွန်ဝါဒီများ သိမ်းပိုက်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်တယ်လို့ ဘေရွတ်မြို့ အမေရိကန်တက္ကသိုလ်မှ နိုင်ငံတကာစေ့စပ်ညှိနှိုင်း ရေးညွှန်ကြားရေးမှူးက ကောက်ချက်ချပါတယ်။
ယခုလို တင်းမာမှုမျိုးတွေဟာ ပုံမှန်လိုလို ပြန်ဖြစ်တတ်တဲ့အတွက် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခကို ဖြေ ရှင်းရေးမှာ အနှစ်သာရတစ်ခုက ပါလက်စတိုင်း(နိုင်ငံထူထောင်ရေး) ဖြစ်ကြောင်း၊ ဒီလိုစခန်းမျိုးတွေ ပေါ်ပေါက်မလာဖို့ လိုအပ်ပြီး တင်းမာမှု ဖယ်ရှားနိုင်ပါလိမ့်မယ်လို့ ပြောပါတယ်။
(Al Jazeera., 31 July 2023,” Deadly clashes between Palestinian groups in Lebanon camp for third day” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
“အမေရိကန်ငွေချေးစာချုပ်တွေအစား ရွှေကို အစားထိုးစုဆောင်းလာကြတဲ့ နိုင်ငံတကာ ဗဟိုဘဏ်များ” (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ