မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်ထီးရိုးဘုရား တောင်တက်ကားလမ်းပေါ်၌ မြေနံရံပြိုကျမှုနှင့် စေတီအချို့ ပျက်စီးမှုဖြစ်ပေါ်ခဲ့
မျိုးကြီး (NSS) - ဇူလိုင် ၂၉
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဘုရား တောင်တက်ကားလမ်းပေါ်၌ မြေနံရံ ပြိုကျမှု ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ (ဇူလိုင်လ ၂၉ ရက်) နံနက်ပိုင်း ကျိုက်ထီးရိုးဘုရားတောင်တက်ကားလမ်းပေါ် ရသေ့တောင်အနီး၌ တောင်မြေနံရံပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကားလမ်းဘေးရဲ့ တောင်ကြောမြေသားတွေက အောက်ကို ထိုးဆင်းတာပေါ့။ နံရံက မြေတွေ ထိုးဆင်းတဲ့သဘောပါ။ အဲဒါကိုတော့ ချက်ချင်း ကားလမ်းအဖွဲ့တွေကနေ အကုန်လုံးရှင်းပြီးသွားပါပြီ”ဟု ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှက NP News ကို ပြောသည်။
ထိုသို့ တောင်နံရံပြိုကျမှုကြောင့် (၂)နာရီခန့် ကားလမ်းအား ခေတ္တပိတ်ကာ ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်မှ ကျီးကန်းပါးစပ်ဘုရားသို့ သွားသည့်လမ်းပိုင်းတွင်လည်း ဈေးဆိုင်တဲ(၂)လုံး ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ဥက္ကဋ္ဌ ဦးစိုးလှက ထပ်မံပြောသည်။
“လူတွေ သေတာတို့၊ ထိခိုက်ဒဏ်ရာတို့ ဘာမှ မရှိပါဘူး။ မိုးက မနေ့က ညနေစောင်းလောက်ကတည်းက ရွာတာ။ အခုလည်း သတင်းပေးနေတဲ့အချိန်မှာ ရွာနေပါတယ်။ ကျီးပါးစပ်ဘက်က သဲဆန်တဲ့ မြေတွေများတယ်လေ။ တဲနှစ်လုံးပြိုတာကလည်း လူသေ၊ လူပျောက် မရှိဘူး” ဟု ၎င်းက ပြောသည်။
ဆက်လက်ပြီး ယနေ့ နေ့လည်ပိုင်းတွင်လည်း ကျိုက်ထီးရိုးဘုရား နယ်မြေရှိ စေတီ(၂)ဆူသည်လည်း ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“ဒီနေ့ နေ့လည်လောက်မှာ ထပ်ဖြစ်တာက သီဟဆောင်နောက်ကျောကနေ ရိုးရိုးဟိုတယ်အောက်ကနေ ဆင်းသွားရင် အောက်ကိုးနဝင်းစေတီဆိုတာ ရှိတယ်။ အဲဒီမှာ စေတီတစ်ဆူက လုံးဝပြိုကျသွားတယ်။ တစ်ဆူကတော့ ငှက်ပျောဖူးပြတ်ကျသွားတာပေါ့။ အဲဒီအနေအထားလေးတော့ ရှိပါတယ်” ဟု ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌက ဆက်လက်ပြောသည်။
၎င်းအောက်ကိုးနဝင်းစေတီသည် ဘုန်းကြီးကျောင်းများက တည်ထားကိုးကွယ်သော စေတီများဖြစ်ပြီး ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့၏ ထိန်းသိမ်းမှုအောက်တွင် မရှိသည့် စေတီများဖြစ်ကြောင်းလည်း ဥက္ကဋ္ဌဦးစိုးလှက ပြောသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အထက်ပါကဲ့သို့ ဖြစ်စဉ်များဖြစ်ပွားခဲ့သော်လည်း ဘုရားဖူးကားများကို ပိတ်ဆို့ထားခြင်း မရှိကြောင်းနှင့် ပုံမှန်အတိုင်း လာရောက်ဘုရားဖူးနိုင်ကြောင်းလည်း ဦးစိုးလှက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇူလိုင်လ ၂၉ ရက်အတွင်း ဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပမှ သတင်းထူးများ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ