အိန္ဒိယနိုင်ငံတွင် မိုးရွာသွန်းမှုစံချိန်တင်မြင့်တက်ခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၆)ဦးသေဆုံးကာ (၁၂)ဦးပျောက်ဆုံးနေ
Pika (NSS) - ဇူလိုင် ၂၉
အိန္ဒိယနိုင်ငံ တောင်ပိုင်း Telangana ပြည်နယ်တွင် မိုးရွာသွန်းမှု စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် အနည်းဆုံးလူ(၆)ဦးသေဆုံးခဲ့ပြီး အခြားလူ(၁၂)ဦးမှာ ရေစီးနှင့်မျောပါသွားကာ ပျောက်ဆုံးနေကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။
Telangana ပြည်နယ်ရှိ ခရိုင်အများအပြားတွင် ဇူလိုင်လ(၂၇)ရက်ကမိုးရွာသွန်းမှု စံချိန်တင်မြင့်တက်ခဲ့ပြီး Mulugu ခရိုင်တွင် တစ်ရက်အတွင်း အမြင့်ဆုံးမိုးရေချိန်(၆၄ ဒသမ ၉၈)စင်တီမီတာရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အစိုးရပိုင် ရုပ်သံလွှင့်ဌာန All India Radio (AIR) က"မိုးရွာသွန်းမှုနဲ့ ဆက်စပ်တဲ့ မတော်တဆမှုတွေကြောင့် အနည်းဆုံးလူ(၆)ဦးသေဆုံးခဲ့ပြီး အခြားလူ(၁၂)ဦးကတော့ ရေစီးနဲ့မျောပါသွားပြီး ပျောက်ဆုံးနေပါတယ်"ဟု ပြောကြားခဲ့သည်။
Mulugu နှင့် Bhupalpally ခရိုင်များတွင် ဇူလိုင်လ(၂၆)ရက်က မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ရေကြီးမှုများဖြစ်ပွားခဲ့ပြီး နေအိမ်များနစ်မြုပ်ကာ ကားလမ်းများ ပိတ်သွားခဲ့ကြောင်းသိရသည်။ ရေကြီးမှုများကြောင့် ကျေးရွာများသို့သွားသည့် လမ်းများပိတ်ဆို့သွားမှုနှင့်အတူ ကယ်ဆယ်ရေးအဖွဲ့များသည် လှေများ၊ ရဟတ်ယာဉ်များကို အသုံးပြုကာ ရာနှင့်ချီသော လူများကို ကယ်ထုတ်ခဲ့ရကြောင်းသိရသည်။
တာဝန်ရှိသူတစ်ဦးက" Warangal၊ Mulugu၊ Khammam၊ Kothagudem၊ Karimnagar နဲ့ Nizamabad ခရိုင်တွေမှာ ရွာတွေ ဒါဇင်ချီရေနစ်မြုပ်ခဲ့ပါတယ်။ လူပေါင်း(၁)သောင်းနီးပါးဟာ Telangana ပြည်နယ်အနှံ့ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြပါတယ်"ဟုပြောခဲ့သည်။
Telangana ပြည်နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် ပြည်နယ်တစ်ဝှမ်းရှိ ကျောင်းများ၊ ကောလိပ်များ နှင့် ပညာရေးအဖွဲ့အစည်းများ အားလုံးကို ဇူလိုင် လ (၂၆)ရက်ကတည်းက ပိတ်ထားခဲ့ရကြောင်းသိရသည်။ Hyderabad၊ Jangaon၊ Bhupalpally၊ Karimnagar၊ Medchal-Malkajgiri၊ Siddipet၊ Warangal နှင့် Nalgonda မြို့တို့တွင် မိုးသည်းထန်စွာရွာသွန်းမည်ဟု မိုးလေဝသဌာနကခန့်မှန်းထားကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၀၆ ခုနှစ် ဧပြီလမတိုင်မီ နိုင်ငံရေးတာဝန်ထမ်းဆောင်ခဲ့သော သမ္မတ/ဥက္ကဋ္ဌတို့၏ နိုင်ငံရေးလစဉ်ပင်စင်ကို (၁၅) သိန်းအဖြစ် ပြင်ဆင်သတ်မှတ်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ