မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်အနီးရှိ လူနေအိမ် (၄)လုံးခန့်မီးလောင်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဇူလိုင် ၂၀
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ဗန်းမော်ကျောင်းတိုက်အနီးတွင် မီးလောင်မှုဖြစ်ပွားရာ လူနေအိမ်(၄)လုံးခန့် နှင့် လူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နန်းတော်ရှေ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၂၀ ရက်)၊ နံနက် ၉နာရီ ၃၅မိနစ်အချိန်တွင် မဟာအောင်မြေမြို့နယ်၊ ၃၉ လမ်း၊ ၇၁x၇၂ လမ်းကြားတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဘယ်ကစဖြစ်လဲတော့ မသိလိုက်ရပါဘူးဗျ။ ဗန်းမော်ဆရာတော်ကြီးရဲ့ကျောင်းနားမှာလောင်သွားတာပါ။ အိမ်ကတော့(၄)အိမ်နီးပါးလောင်သွားပေါ့။ တစ်အိမ်ကတော့ ဘာမှမကျန်အောင်လောင်သွားတာပေါ့။ Level 1 နဲ့ပဲမီးငြှိမ်းသတ်ခဲ့တာပါ”ဟု နန်းတော်ရှေ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါမီးလောင်မှုတွင် လူနေအိမ်(၄)လုံးခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်(၂)ဦးနှင့် အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ထိခိုက်ဒဏ်ရာရတာကတော့ မီးသတ်သမား(၂)ဦး။ ကျန်တာကတော့ အခြားကားတွေနဲ့သယ်တာက လူ(၂)ယောက်လောက်တော့ရှိတယ်ဗျ”ဟု ၎င်းကဆက်လက် ပြောသည်။
အထက်ပါမီးလောင်မှုဖြစ်စဉ်တွင် မန္တလေးမီးသတ်တပ်ဖွဲ့အပြင် အခြားလူမှုကူညီရေးအဖွဲ့များမှ လာရောက်ကူညီပေးခဲ့ပြီး ဒဏ်ရာရရှိသူများကို မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲကို ဇူလိုင် ၂ဝ မှာ မကျင်းပဘဲ ဇူလိုင် ၂၇ ရက်နေ့မှာ ထပ်မံကျင်းပမယ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း