မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေချမှတ်ပြီး မူဝါဒအမှားအယွင်းတွေ လုပ်ဆောင်နေတဲ့ အမေရိကန်အစိုးရ (ဘာသာပြန်ဆောင်းပါး)
ဂျန်ဇက် (NSS) - ဇူလိုင် ၁၈
မကြာသေးမီက အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီ နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံအတွင်း ယိုယွင်းပျက်ပြားလာနေတဲ့အခြေအနေအပေါ် အထူးစိုးရိမ်မိကြောင်းဆိုတဲ့အချက်နဲ့ မြန်မာ နိုင်ငံကို အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီနိုင်ငံအဖြစ် အသွင်ကူးပြောင်းမှုရေး လုပ်ဆောင်နိုင်အောင် အထောက်အကူပြုစေဖို့ အပြုသဘောဆောင်တဲ့ ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကျင်းပဖို့လည်း တောင်းဆိုထားတဲ့ အချက်တွေ ပါဝင်ခဲ့ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဒီလိုတောင်းဆိုမှုတွေလုပ်နေပေမယ့် အခြားတစ်ဖက်မှာတော့ အမေရိကန် အစိုးရ ဦးဆောင်ပြုလုပ်နေတဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုပြုရေးမူဝါဒက မူလရည်မှန်းချက်ကို အားနည်းခိုင်မာမှု မရှိဖြစ်စေတဲ့အပြင် ဆိုးဝါးတဲ့အခြေအနေကို ပိုလို့ ဆိုးဝါးသွားစေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေက အုပ်ချုပ်သူအဖွဲ့အစည်းကို အမှန်တကယ် ထိခိုက်စေခဲ့တာမဟုတ်ဘဲ ပြည်သူတွေကိုသာ ဆိုးရွားစွာထိခိုက်စေခဲ့ပြီး၊ အဲဒီပိတ်ဆို့မှုတွေက မြန်မာအစိုးရကို သူတိုရဲ့နိုင်ငံရေးထိန်းချုပ်နိုင်မှုအာဏာအတွက် ပြည်သူကိုပေးမယ့် မက်လုံး အနည်းငယ်လောက်ကိုသာ ဆုံးရှုံးစေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အမေရိကန် အစိုးရရဲ့ပိတ်ဆို့မှုတွေက မြန်မာပြည်သူတွေကို အမှန်တကယ်ထိခိုက်ခံစားစေခဲ့ရတယ်လို့ ဆိုရမှာပါ။ အမေရိကန် ရဲ့ပိတ်ဆို့မှုတွေကြောင့် အဓိက အကျိုးရှိခဲ့တာကလည်း တရုတ်နိုင်ငံပါ။ အမေရိကန်ရဲ့ပိတ်ဆို့မှုတွေကြောင့် မြန်မာ နိုင်ငံအတွင်းမှာ အခက်အခဲဖြစ်နေချိန်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ခြေကုပ်နေရာရယူနိုင်ခဲ့တဲ့အပြင် အိန္ဒိယ သမုဒ္ဒရာနဲ့အရေးကြီးတဲ့ သဘာဝသယံဇာတအရင်းအမြစ်တွေကို မဟာဗျူဟာမြောက်လမ်းကြောင်းတစ်ခုရရှိဖို့ မျှော်မှန်းလာနိုင်ခဲ့ပါတယ်။ အဲဒီအပြောင်းအလဲတွေက ဒေသဆိုင်ရာလုံခြုံရေးအခြေအနေတွေကို စိန်ခေါ်မှုတွေ ဖြစ်စေခဲ့ပါတယ်။ ဥပမာပြရမယ်ဆိုရင် တရုတ်စစ်ဘက်ဟာ အိန္ဒိယနိုင်ပိုင် အက်ဒမန်ကျွန်း၊ နီကိုဘားကျွန်းတွေ ရဲ့မြောက်ပိုင်းရှိ မြန်မာပိုင် ကိုကိုးကျွန်းမှာ စစ်ဘက်ဆိုင်ရာအဆောက်အဦးတွေ တည်ဆောက်နိုင်ဖို့ ကူညီပေးနေပါ တယ်။ ထောက်လှမ်းရေးသဘောတရားအနေနဲ့ဆိုရင် ကိုကိုးကျွန်းမှာ တည်ဆောက်နေတဲ့ ထောက်လှမ်းရေးစခန်း က အိန္ဒိယနိုင်ငံရဲ့နျူကလီးယားရေငုပ်သင်္ဘော သွားလာလှုပ်ရှားမှုများ အပါအဝင် ရေကြောင်းသွားလာမှုဆိုင်ရာ လှုပ်ရှားမှုတွေကိုထောက်လှမ်းဖို့ တရုတ်နိုင်ငံကို အကူအညီပြုနိုင်ဖွယ်ရှိနေပါတယ်။ သမိုင်းကြောင်းဟာ သူ့အလို လို ထပ်ခါတစ်လဲလဲဖြစ်နေသလိုမျိုးဖြစ်နေပါတယ်။
၁၉၈ဝ ခုနှစ်နောက်ပိုင်းကတည်းက မြန်မာနိုင်ငံအပေါ်ချမှတ်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ပိတ်ဆို့မှုတွေကြောင့် တရုတ်နိုင်ငံဟာမြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဖက်၊ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်နေတဲ့နိုင်ငံအဖြစ် ရှိလာစေခဲ့ ပါတယ်။ မြန်မာနိုင်ငံအပေါ်ချမှတ်ခဲ့တဲ့ အမေရိကန်ရဲ့ပိတ်ဆို့မှုတွေဟာ ၂ဝ၁၂ ခုနှစ်အထိ ရှိနေခဲ့ပါတယ်။ အဲဒီအချိန်က အမေရိကန်သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ဘားရက်အိုးဘားမားဟာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခဲ့တဲ့ ပထမဆုံးအမေရိကန်သမ္မတဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အမေရိကန်အစိုးရဲ့မူဝါဒ အသစ်တွေကို ချမှတ်ခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ အဲဒီနောက်ပိုင်းမှာ မြန်မာနိုင်ငံပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေကို တဖြည်းဖြည်း ဖြေလျော့ ပေးခဲ့ရာ ၂ဝ၁၅ ခုနှစ်မှာတော့ မြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်အဆုံးသတ်စေမယ့် အရပ်သားဦးဆောင်တဲ့ ပထမဆုံးအစိုးရအဖွဲ့ ရွေးကောက်ခံခဲ့ရပါတယ်။ ဘင်္ဂါလီအရေးကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် တပ်မတော်ခေါင်းဆောင်တွေကို ပစ်မှတ် ထားပိတ်ဆို့မှုတွေ အရင်ကတည်းက ချမှတ်ခဲ့ပါတယ်။ မဲမသမာမှုတွေကြောင့် တပ်မတော်က ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်မှာလည်း သမ္မတဂျိုးဘိုင်ဒန် ဦးဆောင်တဲ့ အမေရိကန် အစိုးရအဖွဲ့ဟာ အစိုးရအဖွဲ့တာဝန်ရှိသူများ အပါအဝင် မြန်မာနိုင်ငံကို ပစ်မှတ်ထားပိတ်ဆို့မှုတွေ တစ်ကျော့ပြန် ချမှတ်ခဲ့ပြန်ပါတယ်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်ဖြစ်တဲ့ ၂ဝ၁၉ ခုနှစ် ဇူလိုင်လမှာ အမေရိကန်အစိုးရဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ အခြားတပ်မတော်ခေါင်းဆောင်တွေကို ပစ်မှတ်ထားပိတ်ဆို့မှုတွေ ချမှတ်ခဲ့ရာ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ မြန်မာဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ထိန်းသိမ်းနိုင်ဖို့ ကတိတွေ ဆုံးရှုံးရသလိုမျိုးဖြစ်စေခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်မတော်ခေါင်းဆောင်တွေကို ပစ်မှတ်ထားပိတ်ဆို့မှု တွေ ချမှတ်ခဲ့တဲ့ ၂ဝ၁၉ ခုနှစ် ဇူလိုင်လကနေ တစ်နှစ်ခွဲကျော်ကြာချိန်မှာ မြန်မာတပ်မတော်ဟာ ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာဖြစ်ပွားခဲ့တဲ့ မဲသမာမှုတွေကို ပြစ်တင်ရှုတ်ချပြီး အာဏာထိန်းသိမ်းမှုတွေ လုပ်ဆောင်လာခဲ့ပါ တယ်။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုချမှတ်ခြင်းနဲ့ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံတွေဟာ သင်ခန်းစာကောင်း ကောင်း ရယူသင့်ပါတယ်။ နိုင်ငံခြားဆက်သွယ်ရေးရာနဲ့ဆိုင်တဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းကို ပိတ်ဆို့အရေးယူမှုတွေဟာ အမေရိကန်အစိုးရရဲ့သံတမန်ရေးကို ထိခိုက်စေခဲ့သလို နဲ့ မရည်ရွယ်တဲ့အကျိုးဆက်တွေကို ဆိုးရွားတဲ့ အကျိုးဆက်တွေကို ဖြစ်လာစေနိုင်တာပါပဲ။ အနီးစပ်ဆုံး ဥပမာပြရမယ်ဆိုရင် အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံ ရဲ့ ဗိုလ်ချုပ်ကြီးလီရှန်ဖူးကို ပစ်မှတ်ထားပိတ်ဆို့မှုတွေချမှတ်ခဲ့ပြီး အဲဒီဗိုလ်ချုပ်ကြီးလီရှန်ဖူး တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်လာချိန်မှာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဆန္ဒပြတဲ့အနေနဲ့ နှစ်နိုင်ငံစစ်တပ်ကြား တိုက်ရိုက်ဆက်သွယ်ဆွေးနွေးမှုတွေလုပ်ဖို့ အမေရိကန်ရဲ့တောင်းဆိုချက်ကို ငြင်းဆန်မှုတွေရှိနေခဲ့ပါတယ်။ အမေရိကန်အစိုးရ နဲ့ မြန်မာတပ်မတော်ကြား အပြန်အလှန်ဆက်ဆံရေးဟာ ကာလအတန်ကြာမရှိဘဲ ဖြစ်နေခဲ့တဲ့အတွက် မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အမေရိကန်ရဲ့မူဝါဒတွေကို အားနည်းမှုတွေရှိလာစေခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ မြန်မာတပ်မတော်ခေါင်းဆောင်တွေကို ပိတ်ဆို့မှုချမှတ်ထားချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားခေါင်းဆောင်တွေ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ရာ မြန်မာ့နိုင်ငံရေးတိုးတက်ပြောင်းလဲမှု တွေမှာ အမေရိကန်အစိုးရဟာလွှမ်းမိုးနိုင်မှုအနည်းငယ်သာရှိတယ်ဆိုတာ ပြသနေပါတယ်။ မြန်မာတပ်မတော်နဲ့ အမေရိကန်အစိုးရကြားကာလအတန်ကြာ ထိတွေ့ဆက်ဆံမှု နည်းပါးနေခြင်းကလည်းမြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အမေရိကန်အစိုးရရဲ့မူဝါဒတွေကို အားနည်းမှုတွေရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်အစိုးရဟာ မြန်မာတပ်မတော်အပေါ် ပိတ်ဆို့မှုချထားပေမယ့် မြန်မာအရပ်သား ခေါင်းဆောင်တွေကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ရာ အမေရိကန်က မြန်မာ့နိုင်ငံရေးတိုးတက်ပြောင်းလဲ မှုတွေမှာ လွှမ်းမိုးနိုင်မှုအနည်းငယ်သာရှိပါတယ်။ အမေရိကန် နဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ မြန်မာနိုင်ငံရေး တိုးတက်ပြောင်းလဲလာအောင် လွှမ်းမိုးနိုင်ဖို့လုပ်ရမယ့်အစား မြန်မာအစိုးရအပေါ်ပိတ်ဆို့မှုတွေ တိုးမြှင့်ဖို့နဲ့ အစိုးရကိုဆန့်ကျင်တဲ့ PDF အပါအဝင် လက်နက်ကိုင်အင်အားစုတွေကို လက်နက်အထောက်အပံ့ပေးဖို့ပဲ ပြုလုပ် နေပါတယ်။ အမေရိကန်အစိုးရနဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့စွက်ဖက်မှုတွေက လက်တွေ့မှာ မြန်မာနိုင်ငံကို ကြီးမားလှတဲ့အကျပ်အတည်းအခြေအနေအတွင်း အမြန်ဆုံးကျရောက်စေပြီး အမေရိကန်ရဲ့အကျိုးစီးပွားအတွက် လည်း အထောက်အကူမပြုတဲ့အပြင် မြန်မာပြည်သူတွေ ဆင်းရဲမှုတွေဖြစ်လာအောင်သာ ဖန်တီးနေသလိုဖြစ်နေပါတယ်။
လက်နက်ကိုင်အုပ်စုတွေဟာ လက်ရှိအချိန်မှာ ပြုလုပ်နေတဲ့ လက်နက်ကိုင်ပုန်ကန်မှုနဲ့ မြန်မာ့တပ်မတော်ကို အနိုင်ရ ဖြုတ်ချနိုင်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံဟာ သူတို့ပြောနေသလိုမျိုး ဒီမိုကရေစီနိုင်ငံ လုံးဝဖြစ်လာမှာမဟုတ်ဘဲ လစ်ဗျားပုံစံမျိုး နိုင်ငံပြိုကွဲမှုတွေဖြစ်ပေါ်ခြင်းအပြင် အစိုးရအမျိုးမျိုး နိုင်ငံတွင်းပေါ်ပေါက်စေကာ ဒေသအတွင်း လုံခြုံရေးကို အန္တရာယ်ဖြစ်လာဖွယ်ရှိနေပါတယ်။
နောက်ဆုံးမှာတော့ မြန်မာနိုင်ငံဟာ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စု နဲ့ တရုတ်၊ ရုရှားတို့ အားပြိုင်ကြတဲ့ ကြားခံ စစ်မြေပြင် proxy battleground တစ်ခုသဖွယ် ဖြစ်လာတာမျိုး တွေ့ကြုံရဖွယ်ရှိနေပါတယ်။ နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား အရေးယူပိတ်ဆို့မှုလုပ်ဆောင်နေခြင်းဟာ တွေ့ဆုံညှိနှိုင်းမှုနဲ့ သြဇာလွှမ်းမိုးနိုင်မှုတို့ကို ရပ်တန့်လာနိုင်ဖွယ်ရှိနေတဲ့အတွက် ပိတ်ဆို့မှုအရေးမှုတွေကို နိုင်ငံရေးမူဝါဒရဲ့ပထမဦးစားပေး first tool အဖြစ် အသုံးမပြုသင့်ပါဘူး။
လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ မဟာဗျူဟာမြောက်ဆုံးရှုံးမှုတွေရှိနေပြီး တရုတ် နိုင်ငံက လွှမ်းမိုးခြေကုပ်ယူလာနိုင်ပါတယ်။ ၂ဝ၁၄ ခုနှစ်က ထိုင်းနိုင်ငံမှာ ဗိုလ်ချုပ်ကြီးပရာယွတ်ချန်အိုချာ ဦးဆောင်မှုနဲ့ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်အစိုးရဟာ ပိတ်ဆို့မှုချမှတ်ခြင်းထက် ထိုင်းပြည်သူ တွေ ဘေးကင်းမှုတွေရှိစေဖို့ စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီနည်းဗျူဟာဟာ မကြာသေးမီက ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ ထိုင်းဗိုလ်ချုပ်အုပ်စုတွေ ရှုံးနိမ့်မှုတွေကို ဦးတည်စေခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိစေအောင် အမေရိကန်အစိုးရဟာ တပ်မတော်ခေါင်းဆောင်တွေနဲ့ စေ့စပ် ဆွေးနွေးမှုနဲ့အတူ မက်လုံးပေး ကမ်းလှမ်းမှုတွေနဲ့သာ လုပ်ဆောင်သင့်ပါတယ်။ စေ့စပ်ဆွေးနွေးခြင်းမရှိဘဲ ပိတ်ဆို့မှု ချမှတ်မှုတွေက မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအပေါ်ပြန်လည်ရောက်ရှိစေဖို့ အလုပ်မဖြစ်ပါဘူး။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ စီအိုင်အေညွှန်ကြားရေးမှူး၊ နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးတို့ အပါအဝင် အမေရိကန်အစိုးရတာဝန်ရှိသူတွေ တရုတ်နိုင်ငံကို သွားရောက်တဲ့ခရီးစဉ်အတွင်း မြန်မာအစိုးရနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ စတင်ဖွင့်လှစ်သင့်ပါတယ်။ မြန်မာတပ်မတော်ဟာ မြန်မာနိုင်ငံမှာအင်အား အကြီးဆုံး political player အဖြစ် နှစ်ပေါင်းများစွာကြာရပ်တည်လာတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ မြန်မာ့ တပ်မတော်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရလာအောင် ကူညီပေးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းနေတဲ့ အဖွဲ့အစည်းတစ်ရပ်လည်းဖြစ်ပါတယ်။
အမေရိကန်အစိုးရဟာ မြန်မာအစိုးရအပေါ် အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေနဲ့ တုံ့ခြင်း၊ မြန်မာနိုင်ငံ အပေါ်ပိတ်ဆို့မှုတွေကို တဖြည်းဖြည်းလျှော့ချပေးခြင်းအပြင် အင်ဒို-ပစိဖိတ် မဟာဗျူဟာအရ မြန်မာအစိုးရကို ပါဝင်ဆောင်ရွက်ခွင့်ပေးခြင်း စတဲ့အချက်တွေနဲ့ခွင့်ပြုပြီး မြန်မာ့နိုင်ငံရေးမှာ လွှမ်းမိုးနိုင်ဖို့ ပြန်လည်ကြိုးစားရမှာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရဟာ မြန်မာတပ်မတော်ခေါင်းဆောင်တွေနဲ့ စေ့စပ်ဆွေးနွေးမယ့် မူဝါဒမျိုး ပြောင်းလဲမှုမရှိဘူးဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ great powers အားပြိုင်ရာ ကစားကွင်း တစ်ခုအဖြစ်သာ ဆက်ရှိနေမှာဖြစ်ပြီး ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိမှာမဟုတ်ဘူးလို့ သုံးသပ် တင်ပြလိုက်ပါတယ်။
ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့်သတင်းဌာနမှာ ရေးသားဖော်ပြထားတဲ့ နယူးဒေလီအခြေစိုက် Center for Policy Research ရဲ့ပါမောက္ခတစ်ဦးဖြစ်သူ Brahma Chellaney ရဲ့ America's Myanmar policy is simply all wrong ဆောင်းပါးကို ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်ရှိ မြို့နယ်နှစ်ခု၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ရေဘေးရှောင်နေရသူများရှိနေ
RELATED POSTS
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
21 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ