မြန်မာဇာတ်ကားများကို တရားမဝင်ခိုးယူကာ အွန်လိုင်း၌ဖြန့်ချီနေသည့် Account နှင့် Group များကို စာရင်းပြုစုကာ အရေးယူမှုစတင်
ယွန်း(NSS) - ဇူလိုင် ၁၇
မြန်မာဇာတ်ကားများကို တရားမဝင်ခိုးယူကာ အွန်လိုင်း၌ ဖြန့်ချီနေသည့် Account နှင့် Group များကို စာရင်းပြုစုကာ အရေးယူမှုများ စတင်ဆောင်ရွက်နေကြောင်း နစက၏ ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
Online တွင် မြန်မာဇာတ်ကားများအား တရားမဝင်ခိုးယူဖြန့်ချီမှုများကို ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် အနုပညာဖန်တီးမှုများကို တရားမဝင်ခိုးယူဖြန့်ချီခြင်းများအတွက် ထိရောက်စွာဆောင်ရွက်နိုင်ရန် အနုပညာဖန်တီးမှုများအား တရားမဝင် ခိုးယူဖြန့်ချီခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ကို ပြီးခဲ့သည့် မေလက ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
“မြန်မာဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ အပါအဝင် အနုပညာဆိုင်ရာဖန်တီးမှုတွေမှာ တရားမဝင်ခိုးပြီးတော့ ဆောင်ရွက်နေကြတာတွေရှိတယ်။ ပြီးရင် စီးပွားရေးအလို့ငှာ ထပ်ဆင့်ခိုးပြီးတော့ ပြသတာ၊ ဖြန့်ချီတာ ဒါမျိုးတွေလည်းလုပ်နေကြတယ်။ အထူးသဖြင့် အနုပညာအလွှာပေါင်းစုံပေါ့။ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ ကဏ္ဍအသီးသီးမှာ ဒီလိုမျိုးတွေ ချိုးဖောက်ခံရတာတွေ ရှိနေတော့ ထိထိရောက်ရောက် ကာကွယ် တားဆီးနိုင်ဖို့ဆိုပြီး ဖွဲ့လိုက်တာပါ”ဟု ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က NP News ကိုပြောသည်။
အဆိုပါ အဖွဲ့အနေဖြင့် နစ်နာသူများအချိန်နှင့်တပြေးညီ တိုင်ကြားနိုင်ရေးအတွက် Contact list သတ် မှတ်ထားပြီး တရားမဝင်ခိုးယူသည့် Platform အသီးသီးရှိ Account များ၊ Group များ၏ စာရင်းများကို စိစစ်ပြုစုထားကြောင်း သိရသည်။
အလားတူ နစ်နာသူများမှ ဇာတ်ကားများကို တရားမဝင်ခိုးယူဖြန့်ချီမှုခံရကြောင်း တိုင်ကြားလာပါက အရေးယူဆောင်ရွက်ပေးခြင်းကို အင်တာနက်ပိုင်းဆိုင်ရာ၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ငွေကြေးပိုင်းဆိုင်ရာများတွင်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လက်တွေ့မြေပြင်ဖမ်းဆီးအရေးယူမှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။
“အခုက အဖွဲ့လည်းဖွဲ့ပြီးပြီ။ အရေးယူမှုတွေဘာတွေလည်း လုပ်နေတယ်။ သင့်တင့်တဲ့ထိရောက်မှုတစ်ခုလည်းရှိနေပါတယ်။ ခိုးပြနေတဲ့ ဟာတွေလည်း ရှိတယ်။ တိုင်ကြားမှုတွေလည်း ရှိနေတယ်။ ဖြေရှင်းမှုတွေလည်းရှိတယ်။ ဖမ်းဆီးဖော်ထုတ်ရမှုတွေလည်း ရှိနေပါတယ်”ဟု ဦးမျိုးမြင့်မောင်က ဆက်လက် ပြောကြားထားသည်။
မူပိုင်ခွင့်ချိုးဖောက်ခံရမှုများ အပါအဝင် ဇာတ်ကားများတရားမဝင်ခိုးယူဖြန့်ချီမှုနှင့်ပတ်သက်၍ Public Account များ၊ Program များ၊ ပညာပေးအစီအစဥ်များဖြင့် ပြည်သူများအား Awareness အဖြစ်ကူညီဆောင်ရွက်ပေးရန် ပြန်ကြားရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် Facebook၊ Telegram၊ Viber စသည့် News Media များ၏ တာဝန်ရှိသူများနှင့် နည်းပညာအရသော်လည်းကောင်း၊ သံတမန်နည်းအရသော်လည်းကောင်း ဆက်လက်ညှိနှိုင်း၍ တရားဝင်အသိအမှတ် ပြုနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန်လည်း အနုပညာဖန်တီးမှုများအား တရားမဝင် ခိုးယူဖြန့်ချီခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇူလိုင်လ ၁၇ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပမှ စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ