အာဆီယံပဋိညာဉ်နှင့် သွေဖယ်နေသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်ကို လက်မခံကြောင်း နစကတုံ့ပြန်
NSS - ဇူလိုင် ၁၅
အာဆီယံပဋိညာဉ်နှင့် သွေဖယ်နေသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်ကို လက်မခံကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်တုံ့ပြန်ထားသည်။နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့(ဇူလိုင်လ ၁၄ ရက်)တွင် အထက်ပါကဲ့သို့ တုံ့ပြန်ထားခြင်းဖြစ် သည်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ယခုရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သော (၅၆)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ပူးတွဲကြေညာချက်ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံကိစ္စနှင့်ပတ်သက်၍ တစ်ဖက်သတ် မမျှမတဖော်ပြထားသည့် အချက်အလက်အချို့အတွက် စိတ်ပျက်မိကြောင်း ဝန်ကြီးဌာနက ဆိုသည်။
၎င်းပူးတွဲကြေညာချက်၌ မြန်မာနိုင်ငံဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုခေါင်းစဉ်အောက်တွင် သက်ဆိုင်ရာနိုင်ငံ၏ ငြိမ်းချမ်းသောနည်းဖြင့် စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံထူထောင်ရေး ကြိုးပမ်းနေမှုများနှင့် သဘောထားရပ်တည်ချက်များကို ထည့်သွင်း စဉ်းစားခြင်းမရှိဘဲ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးအခြေအနေကို ဖော်ပြထားသည်ဟု နစကမှ ဆိုသည်။
အဆိုပါပူးတွဲကြေညာချက်၌ မြန်မာနိုင်ငံက ထည့်သွင်းလိုသည့်အချက်များ၊ မြန်မာနိုင်ငံ၏ သဘောထားနှင့် စိုးရိမ်ပူပန်မှုများကိုလည်း ပါဝင်ညှိနှိုင်းတင်ပြခဲ့သော်လည်း လျစ်လျူရှုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ပူးတွဲကြေညာချက်အပါအဝင် မည်သည့်ထုတ်ပြန်ချက်တွင်မဆို နိုင်ငံတစ်နိုင်ငံအား သီးခြားပစ်မှတ်ထားကာ ၎င်း၏ ပြည်တွင်းရေးကိစ္စကို ဖော်ပြမှုသည် အာဆီယံပဋိညာဉ်စာတမ်း၌ ပြဋ္ဌာန်းထားသည့် ဝင်ရောက်မစွက်ဖက်ရေးမူနှင့် သွေဖယ်နေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် မည်သည့်အခါကမျှ လက်မခံကြောင်း တုံ့ပြန်ထားသည်။
မြန်မာနိုင်ငံသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိရေးတို့ကို ဆောင်ရွက်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်၌ မြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရန် သဘောတူညီချက်(၅) ချက်ကို ဆက်လက်ကျင့်သုံးရန်နှင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားနေခြင်းအပေါ် ပြစ်တင်ရှုတ်ချကြောင်းတို့ကို အဓိက ထည့်သွင်းကြေညာထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ရေးတင်းမာမှုများ တအုံနွေးနွေးရှိနေခိုက် အိန္ဒိယနှင့် တည်ငြိမ်သော ဆက်ဆံရေးထားရှိရန် တရုတ် ထိပ်တန်းသံတမန် တိုက်တွန်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ