အကြမ်းဖက်မှုဖြစ်စဉ်များ၌ အဆိုးဆုံးမှာ စစ်ကိုင်း၊ ချင်းနှင့် ကယားပြည်နယ်တို့ဖြစ်ဟု နစကသက်တမ်း (၆)လကုန်ခါနီး၌ တပ်ချုပ် ဖွင့်ဟ
NSS - ဇူလိုင် ၁၄
အကြမ်းဖက်မှုဖြစ်စဉ်များ၌ အဆိုးဆုံးမှာ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် နှင့် ကယားပြည်နယ်တို့ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွင့်ဟပြောထားသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့(ဇူလိုင် ၁၃ ရက်)တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
နစကအနေဖြင့် နိုင်ငံတော်တာဝန်ထမ်းဆောင်မှု (၂)နှစ်ပြည့်ပြီးနောက်ပိုင်း အရေးပေါ်သက်တမ်းကာလ (၆)လ ထပ်မံတိုးမြှင့်ထားပြီး မကြာခင် ဇူလိုင် ၃၁ ရက်တွင် ၎င်းသက်တမ်းသည် ကုန်ဆုံးတော့မည်ဖြစ်သည်။
၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် အပြစ်မဲ့ပြည်သူ၊ နိုင်ငံ့ဝန်ထမ်းနှင့် သာသနာ့ နွယ်ဝင် များစွာထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့ကြောင့် အရေးပေါ်အခြေအနေနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသည့်အတွက် အရေးပေါ် ကာလကို တိုးမြှင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ယခု ၂ဝ၂၃ ခုနှစ်အတွင်း ဇူလိုင် ၁၁ ရက်အထိ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှု (၄၈၉)ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၇၈၂)ဦးရှိခဲ့ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်မံပြောဆိုထားသည်။
အကြမ်းဖက်ဖြစ်စဉ်များ လျော့သွားသော်လည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရကြောင်းနှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်ချက်များရှိနေသေးသည်ကို တွေ့ရှိရသည်ဟုလည်း နစကဥက္ကဋ္ဌက ဆိုသည်။
ဆက်လက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အကြမ်းဖက်မှုဖြစ်စဉ်များတွင် အဆိုးဆုံးမှာ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် နှင့် ကယားပြည်နယ်တို့ဖြစ်ပြီး ပြည်သူ့လုံခြုံရေးအတွက် ယခုထက်ပိုမိုဆောင်ရွက်ကြရန် လိုအပ် ကြောင်း ပြောကြားခဲ့သည်။
မြန်မာတစ်နိုင်ငံလုံး၌ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ဖြစ်ပေါ်ခဲ့သည့်ပဋိပက္ခများကြောင့် အပြစ်မဲ့ပြည်သူ၊ နိုင်ငံ့ ဝန်ထမ်းများ အပါအဝင် လူဦးရေ (၆ဝဝဝ)ကျော်သည် အကြမ်းဖက်သတ်ဖြတ်ခြင်း ခံထားရသည်။
မကြာခင်အချိန်တွင် နစက၏ အရေးပေါ်သက်တမ်းကာလ(၆) ကုန်ဆုံးတော့မည်ဖြစ်ပြီး နစကအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈) ပုဒ်မ ၄၂၅ အရ သက်တမ်း(၆)လထပ်တိုးကာ အုပ်ချုပ်နိုင်ကြောင်းလည်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့တွင် ပြုလုပ်သည့် မြန်မာ ယူ ၁၂ ကစားသမားရွေးချယ်ပွဲသို့ လူငယ်(၁၅ဝ)ကျော် လာရောက်ရွေးချယ်ခံ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း