စိုက်ပျိုးမြေများအား အခြားနည်းများဖြင့် သုံးစွဲနေမှုကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ တိုက်တွန်း
ယွန်း (NSS) - ဇူလိုင် ၁၄
စိုက်ပျိုးမြေများအား အခြားနည်းများဖြင့် သုံးစွဲနေမှုကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။
နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်က ဇူလိုင်(၁၃)ရက်တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး(၃/၂ဝ၂၃)တွင် အထက်ပါကဲ့သို့ အသိပေးပြောခဲ့ခြင်းဖြစ်သည်။
ပြည်တွင်း၌ စိုက်ပျိုးမြေအသုံးချမှုနှင့်ပတ်သက်၍ လယ်ယာမြေဥပဒေနှင့် ကိုက်ညီမှုမရှိသည်များကို တွေ့ရ အကြောင်း နစကဥက္ကဋ္ဌမှ ဆို သည်။
လယ်ယာမြေများကို အသုံးချရာ၌ စိုက်ပျိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုဘဲ အဆောက်အအုံများ ဆောက်လုပ်လျက်ရှိပြီး စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် သုံးစွဲနေခြင်းကြောင့်နိုင်ငံ၏ စီးပွားရေးလုပ်ငန်း များအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။
ထို့ကြောင့် စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် သုံးစွဲနေမှုများကို ဥပဒေနှင့်အညီ စိစစ်ကြပ်မတ်၍ ထိန်းသိမ်း ဆောင်ရွက်သွားရန် နစကဥက္ကဋ္ဌက တိုက်တွန်းပြောသည်။
လယ်ယာမြေပိုင်ဆိုင်ခွင့်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် လယ်ယာမြေ၏ မူရင်းပိုင်ရှင်သည် နိုင်ငံတော်ပင်ဖြစ်ပြီး ဥပဒေ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ကို ဂဃနဏ သိရန်လိုကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
သို့ဖြစ်၍ ဥပဒေကို ချိုးဖောက်ပါက ထိုက်သင့်သည့် အရေးယူခြင်းကို ခံရမည်ဖြစ်ပြီး စိုက်ပျိုးမြေများကို အပြည့်အဝ စိုက်ပျိုးရေး ဆောင်ရွက်ရန် နစကဥက္ကဋ္ဌက ဆိုထားသည်။
ထို့ပြင် ဝန်ကြီးဌာနများအနေဖြင့် ဝန်ကြီးဌာနပိုင် အဆောက်အအုံများ၊ မြေများကို နှစ်ရှည်ငှားမည်ဆိုပါက အစိုးရ ထံတွင် မူအားဖြင့် သဘောတူညီမှုယူရမည်ဖြစ်ပြီး နှစ်ရှည်ကိစ္စဖြစ်ပါက MIC သို့ ခွင့်ပြုချက်တင်ရန် ၎င်းက အသိပေးပြောဆိုထားသည်။
အလားတူ ကာလတိုငှားရမ်းခြင်းများကိုလည်း လုပ်ပိုင်ခွင့်အဖြစ်ပေးထားခြင်းမဟုတ်သော်လည်း လုပ်ဆောင်မည် ဆိုပါက ဆောင်ရွက်၍ ရမည်ဖြစ်ကြောင်းကို နစကဥက္ကဋ္ဌက အစည်းအဝေးတွင် ထည့်သွင်းပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က မြန်မာအရေးနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ဆောင်ရွက်ချက်ကို နှစ်သက်ခြင်းမရှိတဲ့အတွက် ပူးတွဲကြေညာချက်ထုတ်ပြန်ဖို့ ရုန်းကန်ခဲ့ရ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ