မြန်မာ ယူ-၁၂ အသင်းအတွက် ရန်ကုန် ကစားသမားရွေးချယ်ပွဲကို သုဝဏ္ဏကွင်း၌ မနက်ဖြန် ကျင်းပမည်
သန့်ဇင် (NSS) - ဇူလိုင် ၁၃
ဂျပန်နိုင်ငံတွင် ကျင်းပမည့်ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၂ အသင်း ကစားသမားရွေးချယ်ပွဲ (ရန်ကုန်)ကို သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)က အသိပေးထုတ်ပြန်ထားသည်။
(၁၁)ကြိမ်မြောက်အဖြစ် ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် ကျင်းပပြုလုပ်မည့် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲကို လာမည့် ဩဂုတ်လ ၂၄ ရက်မှ ၂၇ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၂ ကစားသမားရွေးချယ်ပွဲ(ရန်ကုန်)ကို လာမည့် ဇူလိုင်လ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် သုဝဏ္ဏကွင်းရှိ လေ့ကျင့်ရေးကွင်း-၁(စက်ဘီးကွင်း)တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရွေးချယ်ခံရမည့် ကစားသမားများအနေဖြင့် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နောက်ပိုင်းမွေးဖွားသူဖြစ်ရန်လိုပြီး ကျောင်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်းနှင့် မွေးစာရင်းတို့ကို ယူဆောင်လာရမည်ဖြစ် ကြောင်း (MFF)မှ ထုတ်ပြန်ထားသည်။
အာဆီယံနိုင်ငံများတွင် လက်ရှိအချိန်ထိ U12 Junior Soccer World Challenge 2023 ပြိုင်ပွဲအတွက် မြန်မာ ယူ- ၁၂ အသင်းသာ စာရင်းသွင်းခံထားရပြီး မကြာမီ ပြိုင်ပွဲဝင်အသင်း (၃၂)သင်းအား အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း MFF မှ အသိပေးပြောကြားထားသည်။
ထို့ပြင် ဇူလိုင်လ ၁၆ ရက် နှင့် ၁၇ ရက်များတွင်လည်း မန္တလေးမြန်မာဘောလုံးအကယ်ဒမီ၌ မန္တလေးကစားသမားများရွေးချယ်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် ယူ-၁၂ ကစားသမား အပြီးသတ်(၁၈)ဦးရွေးချယ်ပြီးပါက ဂျပန်နိုင်ငံသို့ သွားရောက်၍ U12 Junior Soccer World Challenge 2023 ပြိုင်ပွဲအား ဥရောပကလပ်များဖြစ်သည့် ဘာစီလိုနာလူငယ်၊ ဂျူဗင်တပ်လူငယ်၊ ဘိုင်ယန်မြူးနစ်လူငယ်၊ ဂျေလိဂ်လူငယ်ကလပ်များဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၁၂ အသင်း၏ ဂျပန်ခရီးစဉ်အား AYA Bank မှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း MFF မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစိုးရအဆက်ဆက် အဖြေရှာရခက်တဲ့ မြေယာစီမံခန့်ခွဲမှုပြဿနာကို အဖြေရှာကြည့်ခြင်း
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း