အမေရိကန်နိုင်ငံသား ၃ ရာခိုင်နှုန်းကသာ အသက်ကြီးသောသမ္မတကို လိုချင်ကြကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြ
Pika (NSS) - ဇူလိုင် ၈
အမေရိကန်နိုင်ငံကို အသက်ကြီးနေသောသမ္မတတစ်ဦးက မအုပ်ချုပ်သင့်ဟု အမေရိကန်နိုင်ငံသားအများစုက လက်ခံယုံကြည်ကြကြောင်း Pew Research Center မှ ထုတ်ပြန်သော စစ်တမ်းတစ်ခုအရ သိရသည်။
ဇူလိုင်လ(၆)ရက်က ထုတ်ပြန်ထားသော စစ်တမ်းတစ်ခုအရ ဖြေဆိုသူများ၏ (၃)ရာခိုင်နှုန်းကသာ အသက်(၇ဝ)နှင့် အထက် သမ္မတ၏အုပ်ချုပ်မှုကို လိုချင်သည်ဟု ဖြေဆိုထားကြကြောင်း သိရသည်။
လက်ရှိ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် အသက်(၈ဝ)အရွယ်ရှိပြီဖြစ်ပြီး အမေရိကန်သမ္မတသမိုင်းတွင် အသက် အကြီးဆုံးသမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ လာမည့်နှစ် သမ္မတရွေးကောက်ပွဲတွင် အမေရိကန်၏ သမ္မတဂျိုးဘိုင်ဒန်၏ အဓိကပြိုင်ဖက်မှာ အသက်(၇၇)နှစ်အရွယ် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံကို အုပ်ချုပ်မည့်သမ္မတ၏ စံပြအသက်နှင့်ပတ်သက်ပြီး မေးမြန်းမှုတွင် ဖြေဆိုသူများသည် ဂျိုးဘိုင်ဒန် (သို့မဟုတ်) ဒေါ်နယ်ထရမ့်တို့နှင့်ပတ်သက်ပြီး ရည်ညွှန်းဖြေဆိုမှုများ မရှိခဲ့ကြောင်း သိရသည်။
သို့သော်လည်း စစ်တမ်းများထဲတွင် ဖော်ပြချက်များအရ အမေရိကန်နိုင်ငံသားအများစုသည် အသက်ငယ်သော သမ္မတတစ်ဦးကို ယုံကြည်ခြင်းမျိုးလည်းမရှိကြောင်း သိရသည်။ အမေရိကန်သမ္မတသည် အနည်းဆုံး အသက်(၃၅) နှစ်ရှိရမည်ဟု အမေရိကန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဌာန်းထားသော်လည်း စစ်တမ်းဖြေဆိုသူများ၏ (၃)ရာခိုင်နှုန်းက အမေရိကန်သမ္မတ အသက်(၃ဝ)အရွယ်ဖြစ်သင့်သည်ဟု ဖြေဆိုထားကြသည်။
ဖြေဆိုသူများ၏ ထက်ဝက်နီးပါး(၄၉)ရာခိုင်နှုန်းက သမ္မတသည် အသက်(၅ဝ)ဝန်းကျင်ဖြစ်သင့်သည်ဟု ဖြေဆိုထား ကြသည်။ ဖြေဆိုသူ(၂၄)ရာခိုင်နှုန်းက သမ္မတသည် အသက်(၆ဝ)အရွယ်ဖြစ်သင့်သည်ဟု ဖြေဆိုထားကြသလို (၁၇) ရာခိုင်နှုန်းက သမ္မတသည် အသက်(၄ဝ)အရွယ်ဖြစ်သင့်သည်ဟု ဖြေဆိုထားကြကြောင်း စစ်တမ်းထဲတွင် ဖော်ပြထားသည်။ အမေရိကန်သမ္မတ၏ စံပြအသက်နှင့်ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီဝင်များ နှင့် ရီပတ်ဘလစ်ကန်ပါတီဝင်များကြားအမြင်မှာ တူညီကြကြောင်း လေ့လာမှုများအရ သိရသည်။ ပြီးခဲ့သည့်လက CNN/SSRS တို့က ထုတ်ပြန်ထားသည့် စစ်တမ်းတစ်ခုတွင် အမေရိကန်နိုင်ငံသားများ၏ (၃၆)ရာခိုင်နှုန်းသည် လာမည့်(၂ဝ၂၄) ခုနှစ်ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒန် နှင့် ဒေါ်နယ်ထရမ့်တို့ ဝင်ရောက်အရွေးခံမည့်အစီအစဉ်ကို ဆန့်ကျင်ကြကြောင်း သိရသည်။
ဂျိုးဘိုင်ဒန်နှင့် ဒေါ်နယ်ထရမ့်တို့ကြား ပြိုင်ဆိုင်မှုများသည် အမေရိကန်နိုင်ငံသားများ လိုလားခြင်းမရှိသောအရာတစ်ခုဖြစ်ကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ- အိန္ဒိယနှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုအတွက် ပူပေါင်းဆောင်ရွက်ရေးတိုးချဲ့ရန် ဆွေးနွေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ