အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုရဲ့စစ်လက်နက်ပစ္စည်းများ ကူညီပေးနေမှုရပ်တန့်မယ်ဆိုရင် ယူကရိန်းစစ်ပွဲပြီးဆုံးသွားမှာဖြစ်ကြောင်း ရုရှားသမ္မတဟောင်းပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၆
အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံများဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီပံ့ပိုးပေးမှု ရပ်တန့်လိုက်မယ်ဆိုရင် စစ်ပွဲဟာ လပိုင်းအတွင်း အဆုံးသတ်သွားဖွယ်ရှိနေတယ်လို့ ရုရှားသမ္မတဟောင်း မက်ဗီဒက်ဗ့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန် နဲ့ မဟာမိတ်နိုင်ငံများက ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ တင်ပို့ပေးနေခြင်းကြောင့် ယူကရိန်းနဲ့ ရုရှားကြားစစ်ပွဲ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ရုရှားအမျိုးသားလုံခြုံရေးကောင်စီ ဒုတိယအကြီးအကဲ က ပြောပါတယ်။
၎င်းက "နေတိုးအုပ်စု နဲ့ အမေရိကန်နိုင်ငံတို့ဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ၊ ကျည်ဆံများ ပံ့ပိုးကူညီပေး နေတာတွေကို ရပ်တန့်လိုက်မယ်ဆိုရင် ရုရှားနဲ့ ယူကရိန်းစစ်ပွဲက လအနည်းငယ်အတွင်း အဆုံးသတ်သွားမယ်။ စစ်ပွဲအဆုံးသတ်စေဖို့ အမေရိကန် နဲ့ နေတိုးအုပ်စုနိုင်ငံတွေ စစ်လက်နက်ပစ္စည်းများ ကူညီပေးတာတွေကို ရပ်တန့်ဖို့ လိုအပ်တယ်" လို့ ပြောပါတယ်။
ဒုတိယကမ္ဘာစစ်ပွဲတုန်းက အမေရိကန်လုပ်ဆောင်ခဲ့သလိုမျိုး နျူကလီးယားဗုံးကြဲမယ်ဆိုရင် ဘယ်စစ်ပွဲမဆို စောစီးစွာ အဆုံးသတ်ဖွယ်ရှိနေကြောင်း ရုရှားသမ္မတဟောင်းက ပြောပါတယ်။
၎င်းက "အမေရိကန်ဟာ ဒုတိယကမ္ဘာစစ်ကိုအဆုံးသတ်နိုင်ဖို့ လူပေါင်း ၃ သိန်းရဲ့အသက်တွေ၊ ဘဝတွေကို ရင်းပစ်ခဲ့တယ်။ အမေရိကန်ဟာ ဟီရိုရှီးမားမြို့ နဲ့ နာဂါစကီမြို့တွေကို နျူကလီးယားဗုံးတွေကြဲခဲ့တယ်။ ဟီရိုရှီးမားမြို့မှာ လူပေါင်း ၁၆၆ဝဝဝ၊ နာဂါစကီမြို့မှာလူပေါင်း ၁၄ဝဝဝဝ သေဆုံးခဲ့ရတယ်" လို့ ပြောပါတယ်။
နေတိုးအုပ်စုအနေနဲ့ ဥရောပအရှေ့ပိုင်းပိုင်နက်တွေကို ချဲ့ထွင်ရာမှာရုရှားနိုင်ငံရဲ့လုံခြုံရေးကို လေးစားဖို့ လိုအပ် ကြောင်း၊ အမေရိကန်ဟာ ပိုလန်နိုင်ငံမှာ ၎င်းတို့ရဲ့နျူကလီးယားလက်နက်များ ဖြန့်ကြတ်ချထားမယ်ဆိုရင် နျူကလီးယားပဋိပက္ခများ ပိုမိုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ရုရှားသမ္မတဟောင်း မက်ဗီဒက်ဗ့် က ပြောပါတယ်။
ပိုလန်ဝန်ကြီးချုပ်က ၎င်းတို့အနေနဲ့ နေတိုးအဖွဲ့ရဲ့ နျူကလီးယားလက်နက်များ မျှဝေသုံးစွဲရေးအစီအစဉ်မှာ ပါဝင်ဖွယ် ရှိနေကြောင်း မကြာသေးမီက တောင်းဆိုခဲ့ပါတယ်။ ယူကရိန်းနဲ့ ရုရှားတို့စစ်ပွဲဟာ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ဖြစ်ပွားခဲ့ပြီး လပေါင်း ၁၅ လကျော်ကြာခဲ့ပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဇွန်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန်(၆)သောင်းကျော် တင်ပို့နိုင်ခဲ့ပြီး ယခင်လထက် တင်ပို့မှုတန်ချိန် လျော့နည်းခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ