ထိုင်ဝမ်ကျွန်းအနီးတွင် အမေရိကန်တပ်ဖွဲ့ဝင်များ ပိုမိုဖြန့်ကျက်ချထားပေးစေလိုကြောင်း ထိုင်ဝမ်ကာကွယ်ရေးသုတေသီတစ်ဦးတောင်းဆို
Pika (NSS) - ဇူလိုင် ၂
ထိုင်ဝမ်၏ ပိုင်နက်နယ်မြေအတွင်းသို့ တရုတ်စစ်တပ်များ ကျူးကျော်ဝင်ရောက်ခြင်းကို ဟန့်တားရန်အတွက် ကျွန်းအနီးတွင် စစ်အင်အားများပိုမိုတိုးမြှင့်ချထားပေးရန် ထိုင်ဝမ်ကာကွယ်ရေးကို လေ့လာနေသူတစ်ဦးဖြစ်သည့် Huang Chung-ting က အမေရိကန်ကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်းသိရသည်။
တရုတ်စစ်တပ်သည် (၂ဝ၁၄)ခုနှစ်တွင် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး (၂ဝ၁၆)ခုနှစ်တွင် ကျွန်းအနီးတစ်ဝိုက်၌ စစ်သင်္ဘောများ စတင်ဖြန့်ကျက်ကာ ထိုင်ဝမ်၏လေကြောင်းရန် ကာကွယ်ရေးဇုန်အနီးသို့ တိုက်လေယာဉ်များစေလွှတ်ခဲ့ကြောင်း Huang Chung-ting ကပြောဆိုခဲ့သည်။ (၂ဝ၂ဝ)ခုနှစ်မှ (၂ဝ၂၁)ခုနှစ်အထိ တရုတ်စစ်တပ်သည် ထိုင်ဝမ်၏အနောက်တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းရှိ လေ ကြောင်းရန် ကာကွယ်ရေးဇုန်များသို့ တိုက်လေယာဉ်များစေလွှတ်ခြင်းဖြင့် တည်ငြိမ်အေးချမ်းမှုများကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်လာခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။
(၂ဝ၂၂)ခုနှစ်တွင် တရုတ်စစ်တပ်သည် ထိုင်ဝမ်ကျွန်းနှင့် အနီးတစ်ဝိုက်ရှိ ကျွန်းများတွင် စစ်ရေးလေ့ကျင့်မှုများကို ပိုမိုလုပ်ဆောင်လာခဲ့ကြောင်း Huang Chung-ting ကပြောကြားခဲ့သည်။ တရုတ်စစ်တပ်မှ တိုက်လေယာဉ်(၈)စင်းသည် ထိုင်ဝမ်ကျွန်း၏ နယ်နမိတ်မျဉ်းကို ဇွန်လ(၂၂)ရက် နှင့် (၂၃)ရက်တွင် ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်စစ်တပ်၏အဆိုအရ သိရသည်။ တရုတ်စစ်တပ်သည် ထိုင်ဝမ်၏ ပိုင်နက်နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်ရန်ဆုံးဖြတ်လိုက်ပါက ထိုင်ဝမ်စစ်တပ်သည် တရုတ်၏ စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များကို ခုခံကာကွယ်ရမည်ဖြစ်ပြီး ရေလက်ကြားစစ်ပွဲမှာ မလွဲမသွေဖြစ်လာနိုင်မည်ဖြစ်ကြောင်း Huang Chung-ting ကပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပိုမိုဖြန့်ကျက်ထားမည်ဆိုပါက ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများ ပိုမိုလုပ်ဆောင်လာသော တရုတ်စစ်တပ်သည် ထိုင်ဝမ်ကျွန်းသို့ ပုံမှန်ကင်းလှည့်မှုများနှင့် အမေရိကန်၏ စစ်လက်နက်ပစ္စည်းများရောင်းချခြင်းကိုလည်း တားဆီးနိုင်တော့မည်မဟုတ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ တရုတ်စစ်တပ်၏ ကျူးကျော်ဝင်ရောက်မှုများကို တားဆီးနိုင်မည့် တစ်ခုတည်းသောနည်းလမ်းသည် ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် အမေရိကန်၏ လေကြောင်းနှင့်ရေကြောင်း စစ်အင်အားများပိုမိုတိုးမြှင့်ချထားပေးခြင်းသာဖြစ်ကြောင်း Huang Chung-ting ကပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒီကနေ့ (ဇူလိုင်-၂)အတွင်း စိတ်ဝင်စားဖွယ် ပြည်တွင်းပြည်ပသတင်းများ စုစည်းတင်ဆက်ခြင်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ