နစက NSPNC နှင့် EAO (၅)ဖွဲ့၏ (၃)ရက်ကြာ ဆွေးနွေးပွဲအတွင်း ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန်အပါအဝင် သဘောတူညီမှုများရရှိခဲ့
မျိုးကြီး (NSS) - ဇွန် ၂၈
နစက၏ NSPNC နှင့် EAO (၅)ဖွဲ့၏ (၃)ရက်ကြာ ဆွေးနွေးပွဲအတွင်းမှ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန်အပါအဝင် သဘောတူညီမှုများရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သော NSPNC မှ ကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသော EAO (၅)ဖွဲ့မှ ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုသည် ယနေ့(ဇွန်လ ၂၈ ရက်)တွင် ပြီးဆုံးခဲ့ပြီဖြစ်သည်။
NSPNC မှ ကိုယ်စားလှယ်များနှင့် ALP ၊ DKBA ၊ KNU/KNLA-PC၊ LDU ၊ PNLO လက်နက်ကိုင်(၅)ဖွဲ့မှ ကိုယ်စားလှယ်များသည် ဇွန်လ ၂၆ ရက်မှ စတင်ကာ (၃)ရက်ကြာ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
၎င်းဆွေးနွေးပွဲအတွင်း NSPNC ဘက်က ပြင်ဆင်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသောအချက်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေးကိစ္စများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း EAO များဘက်က ထုတ်ပြန်ထားသည်။
ထို့ပြင် EAO များဘက်က ဘုံသဘောတူညီချက်ရရှိသည့်အချက်များကိုလည်း ယခုအစည်းအဝေး၌ တင်ပြဆွေးနွေးကာ အတည်ပြုနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
“ကျွန်မတို့ အစဉ်အဆက်လုပ်လာခဲ့ကြတဲ့ ငြိမ်းချမ်းရေးညီလာခံပေါ့။ အဲဒီလို ငြိမ်းချမ်းရေးညီလာခံဆိုလို့ရှိရင် ဖြစ်ဖို့လိုအပ်တယ်လို့ နှစ်ဦးနှစ်ဖက်က မြင်ကြတာတွေ ရှိပါတယ်။ အဲဒါတွေကိုလည်း ပြောနိုင်ဆိုနိုင်ခဲ့ကြပြီးတော့မှ ငြိမ်းချမ်းရေးညီလာခံတစ်ခု ကျင်းပဖို့ကိုတော့ ကျွန်မတို့ သဘောတူခဲ့တယ်လို့ ပြောလို့ရပါတယ်” ဟု အထက်ပါ EAO (၅)ဖွဲ့၏ ပြောခွင့်ရ ဒေါ်စောမြရာဇာလင်းက NP News အတည်ပြု ပြောဆိုထားသည်။
(၃)ရက်ကြာဆွေးနွေးပွဲအတွင်း NSPNC နှင့် EAO (၅)ဖွဲ့အကြား၌ မူပိုင်းဆိုင်ရာသဘောတူချက်(၄)ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း နှင့် လုပ်ငန်းပိုင်းဆိုင်ရာသဘောတူညီချက်(၅)ချက်ကိုလည်း လက် မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ဒေါ်စောမြရာဇာလင်းက ထပ်မံပြောဆိုထားသည်။
“အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲထက်တော့ အများကြီးအောင်မြင်တယ်လို့ ပြောချင်တယ်။ ဒီဆွေးနွေးပွဲကို စဉ်ဆက်မပြတ်လုပ်နေရမယ်။ စဉ်ဆက်မပြတ်လုပ်နေခြင်းအားဖြင့် ယုံကြည်မှုကတော့ တစ်ဦးနဲ့တစ်ဦးတိုးနိုင်ပါတယ်။ ပဋိပက္ခကို ရှောင်လွှဲနိုင်တဲ့အနေအထားမျိုးကို ကျွန်မတို့ စဉ်းစားမိတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုထားသည်။
ယခုဆွေးနွေးပွဲအတွင်း ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးတို့ကိုလည်း ထည့်သွင်းနိုင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇွန်လ ၂၈ ရက်အတွင်း ပြည်တွင်းနှင့် ပြည်ပမှ ထူးခြားသတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ