တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကို အကြီးမားဆုံးခြိမ်းခြောက်နေတဲ့ နိုင်ငံဖြစ်ကြောင်းအမေရိကန်သမ္မတလောင်း နစ်ကီဟာလေးပြော
ဂျန်ဇက် (NSS) - ဇွန် ၂၈
တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အကြီးမားဆုံးခြိမ်းခြောက်နေတဲ့ နိုင်ငံဖြစ် ကြောင်း အမေရိကန်သမ္မတလောင်း နစ်ကီဟာလေးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရီပတ်ဘလီကန်ပါတီကိုယ်စားပြုပြီး သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်နေတဲ့ နစ်ကီဟာလေး က အမေရိကန်နိုင်ငံအနေနဲ့ ဂျပန်နိုင်ငံအပြင် အာရှတိုက်အတွင်းရှိ အခြားနိုင်ငံများနဲ့ စစ်ရေးဆက်ဆံရေး ပိုမိုတည်ဆောက်ထားရမှာဖြစ်ကြောင်း ပြောပါတယ်။ တရုတ်နိုင်ငံဟာ အမေရိကန်အစိုးရရဲ့လက်ရှိအစိုးရလက်ထက်အပြင် လာမယ့်အမေရိကန်အစိုးရအသစ်လက်ထက်မှာလည်း နိုင်ငံလုံခြုံရေးအတွက် မေးခွန်းထုတ်စရာအလွန်ကောင်းမယ့်နိုင်ငံအဖြစ် ရှိနေမှာဖြစ်ကြောင်း နစ်ကီဟာလေးကပြောပါတယ်။
၎င်းက "တရုတ်နိုင်ငံဟာ အမေရိကန် နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကို အရင်ထက်ပိုမို ခြိမ်းခြောက်လာနေတယ်"လို့ပြောပါတယ်။ လက်ရှိအမေရိကန်အစိုးရဟာ တရုတ်နိုင်ငံ နဲ့ ကုန်သွယ်ရေးပြဿနာတွေကို ကောင်းမွန်စွာကိုင်တွယ်နိုင်ခြင်းမရှိကြောင်း၊ ဒါ့ပြင် အမေရိကန် အစိုးရဟာ အာရှအင်အားကြီး နိုင်ငံများနဲ့ဆက်ဆံရေးမှာ အားနည်းချက်များရှိနေကြောင်း နစ်ကီဟာလေးကပြောပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဦးဆောင်တဲ့ အမေရိကန်အစိုးရ လက်ထက်မှာ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ချဉ်းကပ်လုပ်ဆောင်မှုတွေဟာ ယခင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်ကထက် ဆိုးရွားလွန်းနေကြောင်း သံအမတ်ကြီးဟောင်း နစ်ကီဟာလေးက ပြောပါတယ်။
လက်ရှိအမေရိကန်အစိုးရလက်ထက်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါစတင်ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အမှားအယွင်းတွေလုပ်ဆောင်ခဲ့ကြောင်း၊ ဒါ့ပြင် အမေရိကန်ရဲ့ခေတ်မီတိုးတက်တဲ့နည်းပညာတွေ နဲ့ စစ်ဘက်သုံးနည်းပညာတွေကို တရုတ်နိုင်ငံ ခိုးယူလို့မရအောင် ကာကွယ်နိုင်ခြင်းမရှိခဲ့ကြောင်း နစ်ကီဟာလေးက ပြောပါတယ်။
နစ်ကီဟာလေးက "တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေမယ်ဆိုရင် အမေရိကန်အစိုးရကလည်း သူတို့လုပ်သမျိုး လုပ်ဆောင်ရမယ်။ ကျွန်မတို့ဟာ အာရှတိုက်အတွင်းရှိ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ အိန္ဒိယ၊ ဖိလစ်ပိုင်တို့ နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ရမယ်" လို့ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၌ ကားတစ်စီး ထန်းပင်အားဝင်တိုက်မိ၍ အမျိုးသား (၁)ဦး သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ