နေအိမ်ခြံဝန်းအတွင်း စိုက်ပျိုးထားသည့် ကျွန်းပင်များကို မှတ်ပုံတင်ထားပါက နိုင်ငံပိုင်အဖြစ်သတ်မှတ်မည်မဟုတ်
ယွန်း (NSS) - ဇွန် ၂၅
မိမိနေအိမ်ခြံဝန်းအတွင်း စိုက်ပျိုးထားသည့် ကျွန်းပင်များကို မှတ်ပုံတင်ပြီးဖြစ်ပါက နိုင်ငံပိုင်အဖြစ် သတ်မှတ်ခြင်းမရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ မီဒီယာများသို့ အသိပေးပြောဆိုထားသည်။
နိုင်ငံတော်အတွင်း မည်သည့်နေရာဒေသများတွင်မဆို ပေါက်ရောက်နေသော ကျွန်းပင်သည် နိုင်ငံတော်ပိုင်ဖြစ်ကြောင်း ၂ဝ၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(က)တွင် ပြဋ္ဌာန်းထားရှိပြီးဖြစ်ကြောင်း သိရသည်။
သို့သော် သစ်တောဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(ခ)အရ စိုက်ပျိုးထားသည့် ကျွန်းပင်များနှင့်စပ်လျဥ်းပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂ဝ၂ဝ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်တွင် ထုတ်ပြနသော အမိန့်ကြေညာစာ အမှတ် ၁၁၃/၂ဝ၂ဝ ဖြင့် လုပ်ကိုင်သည့် သက်ဆိုင်ရာ ကုမ္ပဏီ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသို့ ပိုင်ဆိုင်ခွင့်ပြုသည်ကို ကြေညာထားကြောင်း သိရသည်။
အဆိုပါ အမိန့်ကြော်ငြာစာအရ သစ်တောမြေပြင်ပ၊ နေအိမ်ခြံဝန်း၊ ပုဂ္ဂလိက ပိုင်ဆိုင်သည့်မြေ၊ အများပိုင်မြေ၊ သာသနာ့မြေ၊ ဌာနဆိုင်ရာနှင့် တပ်ရင်းတပ်ဖွဲ့ပိုင်မြေများတွင် စိုက်ပျိုးထားပြီး သက်ဆိုင်ရာသစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ကျွန်းပင်များကို စိုက်ပျိုးလုပ်ကိုင်သူများကို ပိုင်ဆိုင်ခွင့်ပြုထားကြောင်း ဝန်ကြီးဌာနက ဆိုသည်။
ထို့ကြောင့် နေအိမ်ခြံဝန်းအတွင်းစိုက်ပျိုးထားသည့် ကျွန်းပင်များကို သစ်တောဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(ခ) အရ သက်ဆိုင်ရာ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှတ်ပုံတင်ရေးသွင်း၍ မှတ်ပုံတင်စာရင်းရေးသွင်းမှုကိုလည်း လာရောက်လျှောက်ထားသူများအား လက်မှတ်ထုတ်ပေးကြောင်း ဝန်ကြီးဌာနက အသိပေးပြောဆိုထားသည်။
အဆိုပါ ဆောင်ရွက်မှုများသည် သစ်တောဦးစီးဌာနအနေဖြင့် နေအိမ်ခြံဝန်းအတွင်း စိုက်ပျိုးထားသည့် ကျွန်းပင်များနှင့် ပတ်သက်ပြီး သစ်တောဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(ခ)နှင့်အညီ မှတ်ပုံတင်ပေးထားခြင်းသာဖြစ်ပြီး နိုင်ငံပိုင်သတ်မှတ်ခြင်းမရှိကြောင်း သိရသည်။
ထို့ပြင် နေအိမ်ခြံဝန်းအတွင်း ပေါက်ရောက်နေသည့် ကျွန်းပင်များကို တံဆိပ်ရိုက်မှတ်ခြင်းလည်း မရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်ကြီး - နတ်သံကွင်း သွယ်တန်းထားသော တံတားတစ်စင်းကို KNLA - PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ