NCA လက်မှတ်ထိုးထားသော EAO (၅)ဖွဲ့နှင့် နစက၏ NSPNC တို့ ဇွန်လ(၂၆)ရက်မှစ၍ (၃)ရက်ကြာ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမည်
မျိုးကြီး (NSS) - ဇွန် ၂၄
NCA လက်မှတ်ထိုးထားသော EAO (၅)ဖွဲ့နှင့် နစက၏ NSPNC တို့သည် လာမည့် ဇွန်လ (၂၆)ရက်မှစ၍ (၃)ရက်ကြာ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသော KNU/KNLA-PC၊ ALP၊ LDU၊ PNLO၊ DKBA လက်နက်ကိုင်အဖွဲ့(၅)ဖွဲ့တို့သည် ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ ဆွေး နွေးကြမည်ဖြစ်သည်။
“NSPNC က ကျွန်တော်တို့ကို ဖိတ်ခေါ်ထားတဲ့ တွေ့ဆုံဆွေးနွေးပွဲကို (၇)ဖွဲ့ထဲက (၅)ဖွဲ့ကတော့ အတူတူသွားကြဖို့ သဘောတူတယ်။ သို့သော်လည်းပဲ ကျန်တဲ့ (၂)ဖွဲ့ပေါ့လေ NMSP နဲ့ RCSS ကတော့ သူတို့အဖွဲ့ရဲ့ လက်ရှိ ပကတိအခြေအနေအရပေါ့လေ။ တစ်စုတစ်စည်းထဲ သွားဖို့က အဆင်သင့်မဖြစ်သေးဘူး။ ဒါကြောင့်မို့ သူတို့အနေနဲ့ တစ်ဖွဲ့ချင်းစီပဲ သွားရောက်တွေ့ဆုံဖို့ဆိုတဲ့ သဘောတူညီချက်အတိုင်းပဲပေါ့လေ။ လာမယ့် ဇွန်လ ၂၆၊ ၂၇၊ ၂၈ ရက်မှာ ကျွန်တော်တို့အဖွဲ့ကတော့ စတင်ပြီးတော့ သွားရောက်တွေ့ဆုံဆွေး နွေးဖို့ ပြင်ဆင်ထားတာရှိပါတယ်”ဟု KNU/KNLA-PC မှ ဗိုလ်မှူးကြီးစောကျော်ညွန့်က NP News ကို ပြောသည်။
ပြီးခဲ့သော ဇွန်လ ၁၇ ရက်၌ NCA လက်မှတ်ရေးထိုးထားသော EAO (၇)ဖွဲ့သည် မျက်နှာစုံအစည်းအဝေး ပြုလုပ်ခဲ့ကြောင်းသိရပြီး ၎င်းအစည်းအဝေး၌ NSPNC က ဖိတ်ကြားထားမှုအပေါ် ပထမဦးစွာ EAO (၅)ဖွဲ့မှ တက်ရောက်ဆွေးနွေးရန် သဘောတူညီခဲ့ကြောင်း သိရသည်။
“NSPNC က ကျွန်တော်တို့ကို အကြောင်းကြားစာရေးတဲ့အထဲမှာ တွေ့ဆုံဆွေးနွေးရန်ဆိုပြီးတော့ ကျွန် တော်တို့ကို အဲဒီလိုမျိုး အကြောင်းကြားထားတာရှိတယ်။ ဘာခေါင်းစဉ်တွေ၊ ဘာကိစ္စတွေ ဆွေးနွေးမယ်ဆိုတာတော့ ကျွန်တော်တို့လည်း အတိအကျတော့ မသိရသေးဘူးပေါ့လေ”ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲ၌ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအကြောင်းအရာများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များနှင့် ဖက်ဒရယ်အခြေခံမူ (၂၃)ချက်တို့ကို ထည့်သွင်းဆွေးနွေးသွားရန် ပြင်ဆင်ထားကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
နစက၏ NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် EAO (၇)ဖွဲ့တို့သည် ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင်လည်း နေပြည်တော်၌ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ONE championship ဟဲဗီးဝိတ်တန်းကမ္ဘာချန်ပီယံကိုအလဲထိုးအနိုင်ယူပြီး မတူညီတဲ့ဝိတ်တန်းနှစ်ခုရဲ့ ကမ္ဘာ့ချန်ပီယံဖြစ်လာသူ မာလီခင်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ