ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ၌ ခရီးသည်ဝင်ထွက်မှုလွယ်ကူရေးအပြင် ငွေလဲလှယ်နှုန်းလည်း လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးဆို
ယွန်း (NSS) - ဇွန် ၂၂
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ခရီးသည်ဝင်ထွက်မှုလွယ်ကူရေးအပြင် ဗဟိုဘဏ်သတ်မှတ်သည့် နိုင်ငံခြားငွေလဲလှယ်နှုန်းအတိုင်းသာ ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက အသိပေးပြောဆိုထားသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးထွဋ်က ဇွန်လ(၂၁)ရက်တွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့သော အစည်းအ ဝေးတွင် အထက်ပါကဲ့သို့ ဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသို့ ကိုဗစ်(၁၉)ရောဂါကူးစက်ပျံ့နှံ့မှုမတိုင်ခင် (၂ဝ၁၉)ခုနှစ်တွင် ခရီးသည် (၄ ဒသမ ၃၆)သန်း လာရောက်ခဲ့ပြီး (၂ဝ၂ဝ)ပြည့်နှစ်တွင် ခရီးသည်(၉)သိန်း၊ (၂ဝ၂၁)ခုနှစ်တွင် တစ်သိန်းကျော်သာ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
သို့သော် (၂ဝ၂၂)ခုနှစ်တွင် ခရီးသည် (၂ ဒသမ ၃)သိန်းကျော်ဝင်ရောက်ခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဥ်ပါက နည်းပါးနေသေးကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောဆိုထားသည်။
လက်ရှိတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ နိုင်ငံခြားငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားသည့် မူဝါဒအတိုင်းသာ ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက ဆို သည်။
အလားတူ ပြည်ပဘဏ်မှ လွှဲသည့်ငွေများကိုလည်း အထက်ပါမူဝါဒအတိုင်းသာ ဆောင်ရွက်ကြောင်း သိရသည်။
လက်ရှိတွင် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်း၌ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေကျပ်(၂၁ဝဝ)သတ်မှတ်ထားပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ငွေကျပ်(၃ဝဝဝ)ကျော်ရှိနေကြောင်း သိရသည်။
ထို့ပြင် အိမ်နီးချင်းနိုင်ငံများနည်းတူ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ခရီးသည်များ ဝင်ထွက်မှုလွယ်ကူချောမွေ့စေရေးကိုလည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ခရီးသွားများကို မက်လုံးပေးသည့်အစီအစဥ်များဖြစ်သည့် အထူးဈေးနှုန်းပေးခြင်းများအပြင် Tax Refund ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း သိရသည်။
အလားတူ နိုင်ငံခြားတွင်အသုံးပြုသည့် Master Card နှင့် Visa Card များကို ပြည်တွင်းရှိ နေရာတိုင်းတွင် သုံးစွဲခွင့်ရရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက သုံးသပ်ပြောဆိုထားသည်။
လက်ရှိတွင် ပြည်တွင်း၌ ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်၍ လုံခြုံရေးအရ မသွားသင့်သည့်နေရာများနှင့် သွားသင့်သည့်နေရာများကို ထုတ်ပြန်ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင်သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ ဖြေလျှော့ပေး၍ ရမည့်နေရာများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းနီတိုင်းရင်းသားများအပေါ်အကာအကွယ်ပေးရန် တောင်းဆိုမှုများရှိလာ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း