အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီထံ UEC ဥက္ကဋ္ဌ လာရောက်ခြင်းသည် မိဘက သားသမီးများထံ လာရောက်စောင့်ရှောက်ပေးခြင်းမျိုးဖြစ်ဟုပြော
မျိုးကြီး (NSS) - ဇွန် ၁၈
အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီထံ UEC ဥက္ကဋ္ဌ လာရောက်ခြင်းသည် မိဘက သားသမီးများထံ လာရောက်စောင့်ရှောက်ပေးခြင်းမျိုးဖြစ်ကြောင်း ၎င်းပါတီမှ အထွေထွေအတွင်းရေးမှူး ဦးအားလယ်က NP News ကို ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့ဝင်များသည် ယမန်နေ့(ဇွန်လ ၁၇ ရက်) တွင် ရှမ်းပြည်နယ်( အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ပါတီ၏ နာယကဖြစ်သူ ဦးမင်းညို၊ ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းအောင် အပါအဝင်အဖွဲ့ဝင်များအား တွေ့ဆုံခဲ့ကြောင်း သိရသည်။
အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
UEC ဥက္ကဋ္ဌနှင့် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ တွေ့ဆုံမှုနှင့်ပတ်သက်၍ NP News က အထွေထွေအတွင်း ရေးမှူးဖြစ်သူ ဦးအားလယ်ကို မေးမြန်းရာတွင် “UEC နဲ့ ကျွန်တော်တို့ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက မိဘက သားသမီးတွေကို လာရောက်ပြီးတော့ စောင့်ရှောက်သလိုပါပဲ။ မြေပြင်မှာ ကျွန်တော်တို့ပါတီတွေရဲ့ အခြေအနေတွေကို မိဘဖြစ်တဲ့ UEC က မြေပြင်မှာလာရောက် စောင့်ရှောက်ပေးခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ယခု ၂ဝ၂၃ ခုနှစ် မေလ ၈ ရက်တွင် မှတ်ပုံတင်ခွင့်ရရှိထားပြီးဖြစ်သည့် ပါတီတစ်ရပ်ဖြစ်ကြောင်း သိရသည်။
“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ကျင်းပမယ်၊ မကျင်းပဘူးမပြောဘူး။ ဒါပေမယ့် ရွေးကောက်ပွဲကျင်း ပသည်ရှိခဲ့သော် ကျွန်တော်တို့ နိုင်ငံသားကတ်ကိုင်ထားသူများသာလျှင် မဲထည့်ရမယ်ဆိုတာ ပြောသွားပါတယ်” ဟု အာခါအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးအားလယ်က ဆက် လက်ပြောဆိုထားသည်။
ယင်းပါတီအနေဖြင့် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း (၉ဝ)အတွင်း သတ်မှတ်ထားသော ပါတီဝင်အင်အား (၁ဝဝဝ)ပြည့်မီရေး၊ ရက်ပေါင်း (၁၈ဝ)အတွင်း ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံး၏ အနည်းဆုံး(၅)မြို့နယ်၌ ပါတီရုံးခန်း ဖွင့်လှစ်နိုင်ရေးတို့ကို ဆောင်ရွက်သွားရန် ဥက္ကဋ္ဌ ဦးသိန်းစိုးက ထည့်သွင်းပြောဆိုခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အချိုးကျကိုယ်စားပြုစနစ်(PR)ဖြင့် ကျင်းပမည့်ရွေးကောက်ပွဲများ၌ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်းခံရပြီး ပြည်နယ်ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်ခွင့်ရရှိရေး ကြိုးစားဆောင်ရွက်သွားရန် UEC ဥက္ကဋ္ဌက ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။
UEC ဥက္ကဋ္ဌဦးသိန်းစိုးသည် ပြီးခဲ့သောလပိုင်းများအတွင်းကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ရုံးချုပ်များသို့ သွားရောက်ကာ စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပမှ ၂၄ နာရီအတွင်း သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ