ရခိုင်ပြည်နယ်၌ ကူညီကယ်ဆယ်ရေးများ သွားလာခွင့်ဆိုင်းငံ့ထားခြင်းကို ပြန်လည်သုံးသပ်ပေးရန် UN ညှိနှိုင်းရေးမှူး တောင်းဆို
Pearl (NSS) - ဇွန် ၁၄
ရခိုင်ပြည်နယ်၌ ကူညီကယ်ဆယ်ရေးများ သွားလာခွင့်ဆိုင်းငံ့ထားခြင်းကို ပြန်လည်သုံးသပ်ပေးရန် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ)က တိုက်တွန်းတောင်းဆိုထားသည်။
United Nations (UN) မှ ပြီးခဲ့သည့် ဇွန်လ (၁၂)ရက် ထုတ်ပြန်ချက်၌ အထက်ပါကဲ့သို့ ထည့်သွင်းပြော ဆိုထားခြင်းဖြစ်သည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီး တစ်လအကြာတွင် နစကမှ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ သွားလာခွင့်ကို ဆိုင်းငံ့ခဲ့သည့်အတွက် မုန်တိုင်းသင့်ပြည်သူများထံ လူမှုကယ်ဆယ်ရေး အကူအညီဖြန့်ဝေမှုများ ထိခိုက်လျက်ရှိကြောင်း UN မှ ဆိုသည်။
ခရီးသွားလာခွင့်ဆိုင်ရာ ဤဆုံးဖြတ်ချက်အသစ်သည် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများကို ထိခိုက်နစ်နာစေပြီး အကူအညီပေးမှုများကို ဆိုင်းငံ့စေကြောင်း ဆက်လက်ပြောဆိုထားသည်။
"ဒီဆုံးဖြတ်ချက်ဟာ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေက လာမယ့် သီတင်းပတ်တွေ၊ လတွေအတွင်း လူပေါင်းတစ်သန်းကျော်အတွက် လူမှုဘဝကယ်ဆယ်ရေးအကူအညီတွေ ပို့ပေးနိုင်ဖို့ စီစဉ်ထားချက်တွေကို ကြီးမားသော အဟန့်အတားဖြစ်စေပါတယ်။ မုန်တိုင်းသင့် ပြည်သူတွေဟာ ကျွန်တော်တို့ရဲ့ အကူအညီတွေကို အလိုအပ်ဆုံးအချိန်မှာမှ ကျွန်တော်တို့ဟာ အစားအစာ၊ သောက်သုံးရေနဲ့ အမိုးအကာတွေ ဖြန့်ဖြူးပေးနေတာတွေကို ရပ်တန့်ခံခဲ့ရတာပါ" ဟု ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) ရာမနသန် ဘလာခရှစ်နန်က ဆိုသည်။
ရခိုင်ပြည်နယ် နှင့် မုန်တိုင်းဒဏ်သင့်အခြားဒေသများသို့ အကူအညီများပေးအပ်နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ပြီးဖြစ်ပြီး နေပြည်တော်နှင့်ပြည်နယ်အဆင့်နှစ်ရပ်လုံး၌ အရေးပါသည့် ထိတွေ့ဆက်ဆံမှုများပြုလုပ်ရာ ကနဦးခွင့်ပြုမိန့်အပါအဝင် ယခုဇွန်လအတွင်း ပိုမိုကျယ်ပြန့်သည့်ဖြန့်ဝေ ပို့ဆောင်မှုများ အတွက် ထပ်ဆောင်းခရီးသွားလာခွင့်ပြုမိန့်များ ရရှိခဲ့ပြီးကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် ယခုကဲ့သို့ သွားလာခွင့် ပယ်ဖျက်ခံရပြီးနောက် ခွင့်ပြုချက်များ ထပ်မံရရှိရန် စောင့်ဆိုင်းနေရပြီး ချင်းပြည်နယ်၌လည်း အလားတူ အကူအညီများဖြန့်ဝေရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် ခွင့်ပြုမိန့်စောင့်ဆိုင်းနေရဆဲ ဖြစ်ကြောင်း UN မှ ဆိုထားသည်။
နစကအနေဖြင့် အဆိုပါဆုံးဖြတ်ချက်အား အရေးတကြီးပြန်လည်သုံးသပ်၍ အကူအညီဖြန့်ဝေပေးမှုအတွက်ခွင့်ပြုထားသည့် ကနဦး ခွင့်ပြုချက်များအား ပြန်လည်ပြဋ္ဌာန်းပေးရန်အတွက် လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့များကိုယ်စား ၎င်းမှဆက်လက်တိုက်တွန်းပြောဆိုထားသည်။
ရခိုင်ပြည်နယ်၌ ခရီးသွားလာခွင့် ဆိုင်းငံ့ထားခြင်းနှင့် ပတ်သက်၍ "အဓိကအားဖြင့် INGO အင်တာနေရှင်နယ်အဖွဲ့တွေကို သွားတာလာတာ သူတို့ကို အရင်ပေးထားတာလေးတွေကို ကန့်သတ်လိုက်ပြီးတော့ သူတို့ တစ်ခုချင်းတင်ပေါ့။ ဒီမှာ CC ဆိုတာရှိတယ်။ ညှိနှိုင်းပေါင်းစပ်ရေးစင်တာရှိတယ်၊ အဲဒီစာထဲမှာလည်းပါတယ်။ ညှိနှိုင်းပေါင်းစပ်ရေးစင်တာကနေ တစ်ဆင့်သွားရမယ်။ ပြည်တွင်းမှာ မှတ်ပုံတင်ထားတဲ့ NGO (Non Governmental Organization) တွေကတော့ သွားရေးလာရေးနဲ့ပတ်သက်ပြီးတော့ အထူး တလည်လုပ်ဖို့ မလိုဘူး" ဟု ရခိုင်ပြည်နယ်အစိုးအရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက NP News ကိုပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်း/ပြည်ပမှ ထူးခြားသတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း