ထိုင်း၌ကားမှောက်မှုကြောင့် သေဆုံးထိခိုက်မှုများရှိခဲ့သော မြန်မာလုပ်သားများအတွက် အကျိုးခံစားခွင့်များရရှိရေး လုပ်ဆောင်နေ
ယွန်း (NSS) - ဇွန် ၁၃
ထိုင်းနိုင်ငံ၌ ကားတိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ထိခိုက်ဒဏ် ရာရရှိခဲ့သူများကို ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးနေကြောင်း အလုပ် သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန်လ(၁)ရက်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ မြန်မာရွှေ့ပြောင်းအလုပ်သမား(၉)ဦး လိုက်ပါလာသည့် ကားသည် အယုဒ္ဓယမြို့အထွက်လမ်းအကွေ့၌ တိမ်းမှောက်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်ကြောင့် ယာဥ်မောင်းဖြစ်သူ ထိုင်းအမျိုးသား အပါအဝင် မြန်မာအမျိုးသမီး(၃)ဦး သေဆုံးခဲ့ကြောင်းသိရပြီး ကျန်(၆)ဦးသည် ထိခိုက် ဒဏ်ရာရရှိခဲ့သဖြင့် ဘန်ပအင်းမြို့နယ်ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ဆိုထားသည်။
လက်ရှိတွင် သေဆုံးသူ(၄)ဦးသည် မီးလောင်ကျွမ်းမှုကြောင့် အတည်ပြုနိုင်ရန် ခက်ခဲသဖြင့် DNA စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိသူများကို မေးမြန်းခဲ့ရာ ၎င်းတို့သည် မြန်မာပြည်မှပွဲစားများအား ဘတ်(၂၅ဝဝဝ)မှ (၃ဝဝဝဝ) အထိပေး၍ ကားများအဆင့် ဆင့်စီးပြီး ထိုင်းနိုင်ငံရှိ ဆွေးမျိုးများထံသို့လာရောက်၍ အလုပ်လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။
အလုပ်သမားသံအရာရှိရုံးအနေဖြင့် နယ်မြေရဲစခန်းနှင့်ပူးပေါင်း၍ သေဆုံးခဲ့သူများနှင့် ကိုယ်လက်အင်္ဂါထိခိုက်ခဲ့သူများအတွက် ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ ရရှိရေးကို ဆောင်ရွက်ပေးနေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ဆိုထားသည်။
ထို့ပြင် မြန်မာအလုပ်သမားများအား အမှုစစ်ဆေးပြီးချိန်တွင် နေရပ်သို့ ပြန်လည်သွားရောက်နိုင်ရေးအတွက် ဆက်သွယ်ကူညီမှုများကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်ခြင်းကြောင့် လူကုန်ကူးခံရခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ ဥပဒေနှင့်အညီ ကာကွယ်မှုများ အပြည့်အဝမရရှိခြင်းနှင့် လူ့အခွင့်အရေးဆုံးရှုံးမှုများဖြစ်ပေါ်နိုင်ခြင်းကြောင့် တရားမဝင်သွားရောက်ခြင်းလုံးဝမပြုရန် သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သဘာဝဘေးဒဏ်ခံရသော စေတီပုထိုးများ ပြုပြင်မွမ်းမံရန် တရုတ်အစိုးရက မြန်မာနိုင်ငံကို ယွမ်ငွေ (၁) သန်းလှူဒါန်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း