ရပ်ထားသည့် YBS 21 ယာဉ်အား ဆိုင်ကယ်မှအရှိန်ဖြင့် ဝင်တိုက်မိခဲ့ရာ တစ်ဦးသေဆုံးမှု အင်းစိန်မြို့နယ်တွင်ဖြစ်ပွား
Pearl (NP News) - ဇွန် ၁၁
အင်းစိန်မြို့နယ်တွင် ရပ်ထားသည့် YBS 21 ယာဉ်အား ဆိုင်ကယ်မှအရှိန်ဖြင့် ဝင်တိုက်မိခဲ့ရာ တစ်ဦးသေ ဆုံးပြီး တစ်ဦးစိုးရိမ်ဖွယ်ရာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၁၁ ရက်)၊ နံနက် (၁)နာရီဝန်းကျင် အချိန်ခန့်တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့ နယ်၊ ပုလဲလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါပုလဲလမ်း၊ ဆင်းနှစ်ကောင်စက်ရုံရှေ့ရှိ Gas ဆိုင်အနီးတွင် ရပ်ထားသည့် YBS21 ယာဉ်အား မောင်းနှင်သူအပါ အသက်(၂၅)နှစ်ဝန်းကျင်အရွယ် အမျိုးသား(၂)ဦးလိုက်ပါသည့် ဆိုင်ကယ်သည်အရှိန်လွန်ကာ အနောက်မှ ဝင်တိုက်မိခဲ့ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် အရက်သောက်ထား ကြောင်းလည်း သိရသည်။
"ဆင်းနှစ်ကောင်စက်ရုံရှေ့က Gas ဆိုင်မှာ Gas တန်းစီဖို့ရပ်ထားတဲ့ YBS 21 ကို ဆိုင်ကယ်နဲ့ နောက်က ဝင်တိုက်တာ။ သူတို့က မူးနေတာ။ မှောင်လည်းမှောင်နေတော့ အရှိန်နဲ့ဝင်တိုက်တာ။ တစ်ယောက်က တော့ နေရာမှာပဲ အရောင်ပြောင်းသွားတယ်။ တစ်ယောက်က အနီရောင်အဆင့်ပါ"ဟု တွဲလက်လူမှုကူညီရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
ဖြစ်စဉ်ကြောင့် ၎င်းတို့ (၂)ဦးတွင် ဦးခေါင်းနှင့် ခြေထောက်များ၌ ထိခိုက်ဒဏ်ရာရရှိခဲ့၍ မောင်းနှင်သူအမျိုးသားသည် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်တို့အား အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဒဏ်ရာရရှိသူ အမျိုးသားသည်လည်း စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားစစ်တပ်မှာ ပါဝင်တာဝန်ထမ်းဆောင်ဖို့ စာရင်းပေးသွင်းသူအရေအတွက် ပိုမိုများပြားလာဟု ရုရှားစစ်ဘက် ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း