ပုဂ္ဂလိကကျောင်းမှ မူကြိုဆရာမ(၂)ဦးအား လူ(၄)ဦးက နေအိမ်အတွင်းဝင်ရောက်၍ သေနတ်ဖြင့် ပစ်သတ်မှု ရန်ကုန်၌ဖြစ်ပွား
NP News - ဇွန် ၇
ပုဂ္ဂလိကကျောင်းမှ မူကြိုဆရာမ(၂)ဦးအား လူ(၄)ဦးက နေအိမ်အတွင်းဝင်ရောက်၍ သေနတ်ဖြင့် ပစ်သတ်မှု ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၆ ရက်)၊ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ အေးမေတ္တာလမ်းရှိ နေအိမ်တစ်လုံး၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာရှိသတင်းအရင်းအမြစ်က NP News ကို ပြောသည်။
အခင်းဖြစ်ပွားခဲ့သော နေအိမ်သည် မိဘမေတ္တာအမည်ဖြင့် ပုဂ္ဂလိကမူကြိုကျောင်း ဖွင့်လှစ်ထားကြောင်း သိရပြီး ၎င်းနေအိမ်ကျောင်း၌ အသက်(၄၂)နှစ်အရွယ်ရှိ မူကြိုဆရာမ ဒေါ်သဲမာလာဝင်းနှင့် အသက်(၂၄) နှစ်အရွယ်ရှိ မူကြိုဆရာမအကူ ဒေါ်ဆောင်းသဇင်ဦးတို့ နေထိုင်ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။
အဆိုပါမူကြိုဆရာမ(၂)ဦးသည် နေအိမ်အိပ်ခန်းအတွင်း ရှိနေစဉ်အချိန်တွင် အငှားယာဉ်တစ်စီးဖြင့် အမျိုးသား(၄)ဦးရောက်ရှိလာခဲ့ပြီး နေအိမ်အတွင်း ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် မူကြိုဆရာမဒေါ်သဲမာလာဝင်း၏ ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာနှင့် မူကြိုဆရာမဒေါ်ဆောင်းသဇင်ဦး၏ ဦးခေါင်း၌ ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
၎င်းကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ လာရောက်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည့်အပြင် အခင်းဖြစ်ပွားရာတစ်ဝိုက်၌ ပိတ်ဆို့စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရသည့် မူကြိုဆရာမ(၂)ဦးသည် အဆိုတော်လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သူဟုဆိုသော ကိုကောင်းဇာနည်ဟိန်း၏ မိသားစုဝင်များဖြစ်ကြောင်း ကြားသိရသည်။
အဆိုတော်လီလီနိုင်ကျော်သည် ပြီးခဲ့သော မေလ ၃ဝ ရက် ညပိုင်းတွင် သူမ၏ နေအိမ်တိုက်ခန်းရှေ့၌ အမျိုးသားတစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခြင်းကို ခံခဲ့ရပြီးနောက် ဆေးကုသမှုခံယူစဉ် တစ်ပတ်ခန့်အကြာ ဇွန်လ ၆ ရက်၊ နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့သည်။
အဆိုတော်လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သူ(၂)ဦးဖြစ်သော ကိုကောင်းဇာနည်ဟိန်း(ခ)လပြည့်နှင့် ကိုကျော်သူရ (ခ)အီးတီတို့ကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း နစကမှ ယမန်နေ့ (ဇွန်လ ၆ ရက်)တွင် သတင်းထုတ်ပြန်ခဲ့ပြီးနောက် ၎င်းတို့၏မိသားစုဝင်များဖြစ်သည့် ပုဂ္ဂိလက မူကြိုဆရာမ(၂)ဦးလုပ်ကြံခံရမှုသည်လည်း ဆက်လက်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည့် မူကြိုဆရာမ(၂)ဦးသည် ကိုကောင်းဇာနည်ဟိန်း၏ မိခင်ဖြစ်သူနှင့် အစ်မဖြစ်သူတို့ ဖြစ်ကြောင်းကြားသိရပြီး နှုတ်ပိတ်သည့်သဘောဖြင့် PDF အဖွဲ့ဘက်က လာရောက်လုပ်ကြံခြင်းဖြစ်ကြောင်း ပြောဆိုရေးသားနေမှုများကို တွေ့ရသော်လည်း NP News အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အလားတူ တစ်ဖက်တွင်လည်း အထက်ပါမူကြိုဆရာမ(၂)ဦးအား ပျူစောထီးအဖွဲ့ဝင်များက လာရောက်လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း ပြောဆိုရေးသားနေမှုများကို ထပ်မံတွေ့ရပြန်သော်လည်း ၎င်းအပေါ် NP News အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပမှ ၂၄ နာရီအတွင်း သတင်းများ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း