အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့်ရက်ပိုင်းအတွင်း ဖယ်ခုံမြို့ပေါ်ရှိ အ.ထ.က ကျောင်းကို အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီး
NP News - ဇွန် ၄
တစ်နိုင်ငံလုံး၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့်ရက်ပိုင်းအတွင်း ဖယ်ခုံမြို့ပေါ်ရှိ အ.ထ.ကကျောင်းတစ်ခုကို အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၃ ရက်)၊ ည ၁၁ နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့၊ ညောင်ကုန်း (၅)ရပ်ကွက်၊ ပင်လောင်း-ဖယ်ခုံကားလမ်းဘေးရှိ အခြေခံပညာအထက်တန်းကျောင်း(၁)တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ညက ၁၁ နာရီမှာ မီးရှို့သွားတယ်။ ၁၁ နာရီခွဲမှာတော့ မီးငြှိမ်းပြီးသွားတယ်ပေါ့။ ဖယ်ခုံအခြေခံပညာအထက(၁)မှာ ဖြစ်တာပေါ့။ ကျောင်းရဲ့အလျားက ၂၁ဝ ပေ၊ အနံက ပေ ၃ဝ ရှိတယ်။ ရှစ်ခန်းတွဲ သွပ်မိုးပျဉ်ကာ စာသင်ကျောင်းကြီးပေါ့။ အဲဒါက ပင်မကျောင်းဟောင်းကြီးပေါ့။ တိုင်နဲ့ပြာတွေပဲ ကျန်တော့တယ်” ဟု ဖယ်ခုံမြို့ခံတစ်ဦးက NP News ကို ပြောသည်။
အဆိုပါအခြေခံပညာအထက်တန်းကျောင်းအတွင်း၌ တိုးချဲ့အဆောင်များအပါအဝင် ကျောင်းအဆောက်အအုံပေါင်း(၄)လုံးခန့်ရှိပြီး ကျောင်း၏မူရင်းပင်မကျောင်းဆောင်ကို အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
ထိုသို့ မီးရှို့ခံရသည့်ဖြစ်စဉ်အား သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့က လာရောက်ငြှိမ်းသတ်မှုများပြုလုပ်ခဲ့သော်လည်း စာသင်ကျောင်းဆောင်မီးလောင်မှုအား အချိန်မီငြှိမ်းသတ်နိုင်ခြင်းမရှိဘဲ ကျောင်းသည် ပြာကျသွားခဲ့ကြောင်း သိရသည်။
“ကျောင်းရဲ့ မျက်နှာချင်းဆိုင်မှာ မြို့နယ်ခန်းမရှိတယ်။ ကျောင်းရဲ့ နောက်ကျောမှာ ရပ်ကွက်ရှိတယ်။ ပြီးတော့ ခမရ(၃၃၆) တပ်ရှိတယ်။ စာသင်ကျောင်းကို အဓိကလုပ်သွားတာ။ ရည်ရွယ်ချက်ရှိရှိနဲ့ကို လုပ်သွားတာ။ ကလေးတွေရဲ့ ပညာရေးကို ဖျက်ဆီးနေတာနဲ့အတူတူပဲ။ ဒါတွေဟာ လုံးဝမလုပ်သင့်တဲ့ လုပ်ရပ်တွေပဲ” ဟု ဖယ်ခုံမြို့တစ်ဦးက ဆက်လက်ပြောဆိုထားသည်။
လက်ရှိတွင် ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်သင်ကြားပေးနေသည်မှာ (၂) ရက်ခန့်သာရှိသေးသည့်အချိန်တွင် ယခုကဲ့သို့ မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း၌ အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းကြောင့် စာသင်ကျောင်းပေါင်း (၅ဝဝ) ထက်မနည်းပျက်စီးဆုံးရှုံးထားကြောင်း နစက၏ သတင်းအချက်အလက်များတွင် ဖော်ပြထားသည်။
နိုင်ငံအတွင်း၌ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ဌာနများ၌ စာပေသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် စာသင်ကျောင်းများကို အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးခြင်းများ မပြုလုပ်ရန် တောင်းဆိုနေမှုများရှိသော်လည်း အကြမ်းဖက်ဖျက်ဆီးမှုများသည် ဆက်လက်ဖြစ်ပွားနေလျက်ရှိနေသည်။
နိုင်ငံတော်တာဝန်ရယူထားသော နစကအနေဖြင့်လည်း ၎င်းဖြစ်စဉ်များပေါ် ကာကွယ်ထိန်းချုပ်ပေးနိုင်သည့် စွမ်းဆောင်မှုမျိုးကိုလည်း မတွေ့ရသေးပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် EV ကားအချို့၌ အာမခံချက်မရှိဟုဆို
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း