Move Forward ပါတီရဲ့နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများအပေါ်ထားရှိတဲ့ မူဝါဒများကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဝေဖန်ပြစ်တင်
ဂျန်ဇက် (NP News) - ဇွန် ၃
ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့အနိုင်ရခဲ့တဲ့ Move Forward ပါတီရဲ့ ထိုင်းနိုင်ငံရှိ နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများအပေါ်ထားရှိတဲ့ မူဝါဒတွေကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ဝေဖန်ပြစ်တင်လိုက်ပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန်က ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတို့ရဲ့ရွှေ့ ပြောင်းအလုပ်သမားတွေကို ပြန်ပို့မယ်ဆိုရင် အဆိုပါသုံးနိုင်ငံရဲ့စီးပွားရေးကို တိုက်ရိုက်သက်ရောက်မှုများဖြစ်လာနိုင်တဲ့အပြင် နိုင်ငံခြားသားအလုပ်သမားများအပေါ် မှီခိုနေရတဲ့ ထိုင်းနိုင်ငံရဲ့စီးပွားရေးလည်း ထိခိုက်ဖွယ်ရှိနေကြောင်း ဆိုပါတယ်။ Move Forward ပါတီက ၎င်းတို့ပါတီအစိုးရဖြစ်လာချိန်မှာ ထိုင်းနိုင်ငံအတွင်း တရားဝင်ခွင့်ပြုချက်မရဘဲ အလုပ်လုပ်ကိုင်နေသူများကို နှင်ထုတ်သွားမယ့် အစီအစဉ်များ ရှိနေကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန်က "ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ဦးဆောင်တဲ့ထိုင်းအစိုးရဟာ လက်ရှိအချိန်မှာထိုင်းနိုင်ငံကိုရောက်ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကိုတရားဝင်အလုပ်လုပ်ခွင့်ပေးထားတယ်။ အဲဒီသူတွေကို ပြန်နှင်ထုတ်မယ်ဆိုရင် ထိုင်းနိုင်ငံရဲ့စီးပွားရေးအပေါ် သက်ရောက်မှုတွေရှိလာနိုင်မှာပါ"လို့ပြောပါတယ်။
Move Forward ပါတီရဲ့ နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေအပေါ်ထားရှိတဲ့ မူဝါဒတွေကို ထိုင်းနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေက ထောက်ခံမှာမဟုတ်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်ကပြောပါတယ်။ Move Forward ပါတီဟာ ရွေးကောက်ပွဲမှာမဲအများဆုံးအနိုင်ရတဲ့ ပါတီဖြစ်ခဲ့ပေမယ့် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို ဦးဆောင်ရွေးချယ်နိုင်ခြင်းမရှိသေးကြောင်း၊ Move Forward ပါတီဟာ ဝန်ကြီးချုပ်ရွေးချယ်ခန့်အပ်နိုင်ဖို့ လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ ထောက်ခံမဲ (၃၇၆)မဲရဖို့လိုအပ်နေပြီး ထောက်ခံမဲ (၁၅၁)မဲမဟုတ်ကြောင်း ဝေဖန်ခဲ့ပါတယ်။
Move Forward ပါတီဟာရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့ပြီးနောက် ဝန်ကြီးချုပ်ရွေးချယ်နိုင်ဖို့ နဲ့ အစိုးရဖွဲ့စည်းနိုင်ဖို့ အခြားအနိုင်ရပါတီ (၇)ပါတီနဲ့ ပူးပေါင်းပြီး ညွန်ပေါင်းအစိုးရဖွဲ့စည်းဖို့ ကြိုးပမ်းနေပေမယ့် လက်ရှိအချိန်အထိ သတ်မှတ်ထားတဲ့မဲအရေအတွက်မျိုးမရသေးဘဲ အထက်လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံမှုမရှိဘူးဆိုရင် Move Forward ပါတီဟာ ဝန်ကြီးချုပ်နဲ့ အစိုးရဖွဲ့စည်းနိုင်မှာမဟုတ်ကြောင်း ထိုင်းနိုင်ငံရေးလေ့လာသူများကသုံးသပ်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အောင်ပန်းမြို့၌ ပယောဂဆရာက ရိုက်နှက်ကုသ၍ အမျိုးသမီးတစ်ဦး သေဆုံး
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း