မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ ရုရှားတပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်ရေးစစ်ဆင်ရေးတွေမှာ စတင်ပါဝင်လာနေပြီလို့ အမေရိကန်အစိုးရ အတည်ပြု ပြောဆို
Pika (NSS) - နိုဝင်ဘာ ၁၃
မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ ယူကရိန်းနယ်စပ်မှာရှိတဲ့ ရုရှားတပ်ဖွဲ့တွေနဲ့အတူ တိုက် ခိုက်ရေးစစ်ဆင်ရေးတွေမှာ စတင်ပါဝင်လာနေပြီဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ(၁၂)ရက်မှာ အတည်ပြုပြောဆိုခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ပါတယ်က "မြောက်ကိုရီးယားစစ်သား(၁)သောင်းကျော်ဟာ ရုရှားနိုင်ငံအရှေ့ပိုင်းကို စေလွှတ်ခံလိုက်ရတယ်ဆိုတာ ဒီနေ့မှာတော့ ကျွန်တော်အတည်ပြုပေးနိုင်ခဲ့ပါတယ်။ မြောက်ကိုရီးယားစစ်သား(၁) သောင်းအနက် အများစုဟာ Kursk Oblast ဒေသကို ရောက်ရှိနေပြီး ရုရှားတပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်ရေးစစ်ဆင်ရေးတွေမှာ စတင်ပါဝင်လာနေပါပြီ"လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် မြောက်ကိုရီးယားဟာ ရုရှားကို စစ်လက်နက် ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ တောင်ကိုရီးယားနဲ့အနောက်အုပ်စုနိုင်ငံတွေရဲ့စွပ်စွဲပြောဆိုမှုတွေလည်း ရှိခဲ့ဖူးပါတယ်။
ဒါပေမဲ့လည်း ရုရှားကို စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးတာမျိုး မရှိခဲ့ဘူးလို့ မြောက်ကိုရီးယားအစိုးရက ပြန်လည်ငြင်းဆိုခဲ့ပါတယ်။ ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးဖို့အတွက် မြောက်ကိုရီးယားဟာ ၎င်းရဲ့စစ်သားတွေကို ရုရှားကို စေလွှတ်ခဲ့တယ်ဆိုတဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ စွပ်စွဲပြောဆိုချက်တွေ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။ အနောက်အုပ်စုနိုင်ငံတွေရဲ့ စွပ်စွဲပြောဆိုချက်တွေကို ရုရှားနဲ့ မြောက်ကိုရီးယားတို့က အတည်ပြုတာမျိုး ဒါမှမဟုတ် ငြင်းဆိုတာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ(၁၀)ရက်တုန်းက ရုရှားသမ္မတပူတင်ဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ အပြန်အလှန်ကာကွယ်ရေးဆိုင်ရာပြဋ္ဌာန်းချက်တွေပါဝင်တဲ့ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးသဘောတူစာချုပ်ကို ဥပဒေအဖြစ် တရားဝင်လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟူသီလက်နက်ကိုင်အဖွဲ့က အမေရိကန်လေယာဉ်တင်သင်္ဘောကို ခရုဇ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ