အကယ်ဒမီဆုများ အကဲဖြတ်စိစစ်ရေးအဖွဲ့တွင် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များကို တာဝန်ပေးအပ်ခြင်းမပြုသင့်ဟု ပြည်ထောင်စုဝန်ကြီး ပြော
နာမူ (NSS) - နိုဝင်ဘာ ၁၁
မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများ ချီးမြှင့်ရေးနှင့်ပတ်သက်၍ ရသင့်ရထိုက်သည့် အနုပညာရှင်များ ရရှိစေရေးအတွက် ရုပ်ရှင်အကယ်ဒမီဆုများအကဲဖြတ်စိစစ်ရေးအဖွဲ့ကို စနစ်တကျ ဖွဲ့စည်းတာဝန်ပေးအပ်ရန်လိုအပ်ပြီး ၂၀၂၄ ခုနှစ်တွင် ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များကို တာဝန်ပေးအပ်ခြင်းမပြုသင့်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။
ဝန်ကြီး ဦးမောင်မောင်အုန်းက နိုဝင်ဘာလ ၁ဝ ရက်က ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမတွင် ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေး၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် ဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများ ချီးမြှင့်ရေးနှင့်ပတ်သက်၍ ရသင့်ရထိုက်သည့် အနုပညာရှင်များ ရရှိစေရေးအတွက် ရုပ်ရှင်အကယ်ဒမီဆုများအကဲဖြတ်စိစစ်ရေးအဖွဲ့ကို စနစ်တကျ ဖွဲ့စည်းတာဝန်ပေးအပ်ရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ထို့ပြင် စိစစ်ရေးအဖွဲ့ ဖွဲ့စည်းရာတွင်လည်း အတ္တစွဲ၊ ပုဂ္ဂိုလ်စွဲကင်းကင်းဖြင့် ရုပ်ရှင်အကယ်ဒမီဆုရသင့် ရထိုက်သည့် အနုပညာရှင်များအား ရွေးချယ်ပေးမည့် ပုဂ္ဂိုလ်များကိုသာ တာဝန်ပေးအပ်ရန် လိုအပ်ကြောင်း သိရသည်။
အထူးသဖြင့် ၂၀၂၄ ခုနှစ်တွင် ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များနှင့် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခံရနိုင်ဖွယ်ရှိသည့် ပုဂ္ဂိုလ်များကို အစကတည်းကပင် ဆုများအကဲဖြတ်စိစစ်ရေးအဖွဲ့တွင် တာဝန်ပေးအပ်ခြင်း မပြုသင့်ကြောင်းနှင့် ထိုကဲ့သို့ ပုဂ္ဂိုလ်များအား အကဲဖြတ်စိစစ်ရေးအဖွဲ့တွင် တာဝန်ပေးအပ်လိုက်ပါက မလိုလားအပ်သည့် အထင်အမြင်လွဲမှားမှုများကြုံတွေ့ရနိုင်ပါကြောင်း ထပ်မံပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့က တာဝန်ယူကာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ရန်စီစဉ်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိလစ်ပိုင်က အမြန်ကင်းလှည့်သင်္ဘော အစင်းရေ(၄၀)ကို ပြင်သစ်ထံမှ ဝယ်ယူမည်
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ