အချုပ်အခြာ အာဏာ ကိစ္စလား ၊ အမျိုးသားလုံခြုံရေး ကိစ္စလား
သန်းထိုက်စိုး (NSS) - အောက်တိုဘာ ၃ဝ
နိုင်ငံတကာ အရေးအခင်းများဖြစ်ကြသည့် အရှေ့အလယ်ပိုင်းပဋိပက္ခ၊ ရုရှား-ယူကရိန်း ပဋိပက္ခ တို့ကိုအာရုံစိုက်နေချိန်တွင် အိန္ဒိယနှင့် ကနေ ဒါနိုင်ငံတို့သည်လည်း ထိပ်တန်းသံတမန်များကို အပြန် အလှန် နှင်ထုတ်ခဲ့ကြသည်အထိ နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာလာခဲ့သည်။ အိန္ဒိယနှင့် ကနေဒါ နိုင်ငံတို့ ၏ ဆက်ဆံရေးသမိုင်းကြောင်းတွင် တင်းမာမှုများရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ ထိပ်တန်း သံတမန်များ ကိုနှင်ထုတ်သည့် ထိပ်တိုက်တွေ့ဆုံခဲ့သည့်အခြေအနေမျိုးအထိ ရောက်ရှိခဲ့ခြင်းမရှိပါ။ သို့သော် (၂၀၂၃) ခုနှစ်တွင် ကနေဒါအခြေစိုက် ဆစ်ခ်ခေါင်းဆောင် Hardeep Singh Nijjar လုပ်ကြံ သတ်ဖြတ် ခံရမှုနှင့် ပတ်သက်၍ နှစ်နိုင်ငံဆက်ဆံရေး တင်းမာလာခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆစ်ခ်ခေါင်းဆောင်မှာ အိန္ဒိယ နိုင်ငံက အကြမ်းဖက်သမားအဖြစ်သတ်မှတ်ထားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
Hardeep Singh Nijjar လုပ်ကြံ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ အိန္ဒိယထောက် လှမ်းရေးများ ပါဝင်ပတ်သက်နေသည်ဟု ကနေဒါဝန်ကြီးချုပ် က စွပ်စွဲပြောဆိုထားသည်။ ကနေဒါနိုင်ငံတွင် ဆစ်ခ်လူမျိုး (၇၇၀,ဝဝဝ)ခန့်နေထိုင်ကြရာ အိန္ဒိယနိုင်ငံ ပန် ဂျပ်ပြည်နယ်အပြင်ဘက် ဆစ်လူမျိုးအများဆုံးနေ ထိုင်သည့် အသိုက်အဝန်းတစ်ခုဖြစ်သည်။ ဆစ်ခ် ခွဲ ထွက်ရေးသမားများသည် (၁၉၈၀) နောက်ပိုင်းနှင့် (၁၉၉၀) အစောပိုင်းကာလများတွင် အိန္ဒိယနိုင်ငံတွင် သွေးထွက်သံယိုပုန်ကန်မှုများပြုလုပ်ခဲ့ကြရာ အိန္ဒိယ နှင့် ကနေဒါ နိုင်ငံတို့ကြား ဆက်ဆံရေးအဆင်မပြေမှု များဖြစ်ခဲ့သည်။ ကနေဒါနိုင်ငံသည် အိန္ဒိယနိုင်ငံနယ် စပ်ရှိ Khalistan ထောက်ခံလှုပ်ရှားမှုများကို ဆန့် ကျင်ခြင်းမရှိခဲ့သည့်အတွက်ကြောင့် အိန္ဒိယနိုင်ငံ၏ ပြင်းထန်သည့်ဝေဖန်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရ သည်။ အိန္ဒိယနိုင်ငံသည် ဆစ်ခ် သီးခြားပြည်နယ် တည်ထောင်လိုသူအုပ်စုများကို နှစ်ပေါင်းများစွာကတည်းက စောင့်ကြည့်နေခြင်းဖြစ် သည်ဟု ကနေဒါ အစိုးရက ထုတ်ဖော်ပြောဆိုထားသည်။ နှစ်နိုင်ငံ အစိုးရတို့သည် ၎င်းတို့၏ သံအမတ် ကြီးများနှင့် ထိပ်တန်းသံတမန်များကို ပြန်လည်ခေါ်ယူခြင်း၊ ပြင်း ထန်သည့် အသုံးအနှုန်းများ ကိုအသုံး ပြု၍ သံတမန် ဆိုင်ရာကြေညာချက်များထုတ်ပြန်ခြင်းတို့ကို လူသိ ရှင်ကြားပြုလုပ်ခဲ့ကြသည်။ လက်ရှိ နှစ်နိုင်ငံဆက်ဆံ ရေးသည် သမိုင်းဝင်အရွေ့ဖြစ်သည်ဟု လေ့လာသူများကလည်း ဆိုကြသည်။ နှစ်နိုင်ငံ ဆက်ဆံရေးသည် ဝန်ကြီးချုပ် ထရူးဒူ အစိုးရလက်ထက်တွင် ပိုမိုဆိုးရွားလာခဲ့ပြီး စစ်အေးခေတ်ကာလ အတွင်း ရောက်ရှိနေခြင်းမျိုးဖြစ်ကြောင်း Conflicting Visions လေ့လာသူတစ်ဦးဖြစ်သူ Ryan Touhey ကလည်း ထောက်ပြထားသည်။
ကနေဒါဝန်ကြီးချုပ်ဟောင်း Stephen Harper အစိုးရလက်ထက်တွင် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ခဲ့သည်။ အထူးသဖြင့် ကုန်သွယ်ရေး၊ ပညာရေးနှင့် ပြည်သူအချင်းချင်းဆက်ဆံရေးတို့တွင် တိုးတက်လာခဲ့ခြင်းဖြစ်သည်။ Khalistan ကိစ္စသည် ထောင်စုနှစ်အစကတည်းက ကွယ်ပျောက်ခဲ့ခြင်းဖြစ်ပြီး ယခုတစ်ဖန် ရုတ်တရက်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဝန်ကြီးချုပ်ဟောင်း Stephen Harper သည် ကနေဒါနိုင်ငံသား အသတ်ခံရခြင်းနှင့် အိန္ဒိယထောက်လှမ်းရေးများကြား ဆက်စပ်နိုင်ခြေ ရှိ သည်ဆိုသည့် စွပ်စွဲချက်မျိုးကိုမူ ကြုံတွေ့ခဲ့ရခြင်း မရှိခဲ့ပါ။ တရားဥပဒေစိုးမိုး ရေးကိုအလေးထားသည့် မည်သည့်နိုင်ငံမျှ နိုင်ငံ၏အချုပ်အခြာအာဏာအား ပြောင်ကျကျချိုးဖောက်ခြင်းမျိုးကို လက်ခံနိုင်မည် မဟုတ်ဟု ကနေဒါဝန်ကြီးချုပ် ထရူးဒူကလည်း ထုတ်ဖော်ပြောဆိုထားသည်။ ကနေဒါအစိုးရ၏ စွပ်စွဲ ချက်များသည် Trudeau အစိုးရ၏ နိုင်ငံရေး အာဂျင် ဒါတစ်ခုဖြစ်ပြီး မဲဆွယ်စည်းရုံးမှုပြုလုပ်နေခြင်းဖြစ် သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကလည်း တုံ့ပြန်ထားသည်။ အိန္ဒိယအစိုးရ သည် (၂၀၂၃) ခုနှစ် ဇွန်လတွင် ကနေဒါနိုင်ငံသား ပြုခွင့်ရထားသူ Hardeep Singh Nijjar အသတ်ခံရမှု အပါအဝင် ကနေဒါအခြေစိုက် ဆစ်ခ်ခွဲ ထွက်ရေးသမားများကိုပစ်မှတ်ထားနေသည်ဆိုသည့် စွပ်စွဲချက် များသည် အထောက်အထားမရှိဘဲ ပြောဆိုနေခြင်းဖြစ်သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာနက လည်း သတင်းထုတ်ပြန်ခဲ့သည်။ ကနေဒါဝန် ကြီးချုပ်၏ အပြုအမူနှင့်ပြောဆိုချက်များသည် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်ပျက်စီးစေကြောင်း လည်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံသည် (၂၀၂၄) ခုနှစ် အောက်တိုဘာ (၁၄) ရက်တွင် Hardeep Singh Nijjar အသတ်ခံ ရမှုနှင့်ဆက်စပ်နေသည်ဆိုသည့် စွပ်စွဲချက်များ အပေါ်ငြင်းဆိုခဲ့ပြီး ကြိုတင်ဖန်တီးထားသည့် အဆိုပါ စွပ်စွဲချက်မှာ နိုင်ငံရေးအကျိုးအမြတ်ရလိုမှုအတွက် အိန္ဒိယနိုင်ငံ၏ ဂုဏ်သိက္ခာကို အသုံးချသည့် မဟာ ဗျူဟာတစ်ရပ်ဖြစ်ကြောင်းလည်း တုံ့ပြန်ခဲ့သည်။ ဝန်ကြီးချုပ် ထရူးဒူကမူ (၂၀၁၆) ခုနှစ်တွင် သူ၏ အစိုးရအဖွဲ့၌ ဆစ်ခ်လူမျိုး လေးဦးအထိ ပါဝင်ပြီး မိုဒီအစိုးရထက်ပင် ပိုမိုများပြားကြောင်း ထုတ်ဖော် ပြောဆိုဖူးသည်။ ဆစ်ခ်လူမျိုးများသည် ကနေဒါ နိုင်ငံရေးတွင် အတော်အတန်လွှမ်းမိုးထားကြပြီး ကနေဒါလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်(၁၅)နေရာရရှိထားကြရာ လူဦးရေ၏ (၂) ရာခိုင်နှုန်း ကို ကိုယ်စားပြုခွင့်ရရှိထားသည်။
အိန္ဒိယ-ကနေဒါ နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားသွားခြင်းမှာ လုံးဝဥဿုံ ပျက်ပြားခြင်းမျိုးတော့ လည်း မဟုတ်ပါ။ နှစ်နိုင်ငံတို့သည် ကာလရှည်ကြာ ဆက်ဆံရေးရှိခဲ့ကြသည်။ ကနေဒါ နိုင်ငံသည် အကြီး မားဆုံးသော အိန္ဒိယနွယ်ဖွား အသိုက်အဝန်းကြီးထဲကတစ်ခုကို လက်ခံထားရခြင်းဖြစ်သည်။ အရေ အတွက်အားဖြင့် (၁.၃) သန်းရှိပြီး နိုင်ငံလူဦးရေ၏ (၄) ရာခိုင်နှုန်းခန့်ရှိသည်။ အိန္ဒိယနိုင်ငံသည် ကနေဒါ နိုင်ငံအတွက် ဦးစားပေးဈေးကွက်တစ်ခုဖြစ်ပြီး (၂၀၂၂) ခုနှစ်တွင် (၁၀) နိုင်ငံမြောက် အကြီးမားဆုံး ကုန် သွယ်ရေး မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ အိန္ဒိယနိုင်ငံသည် (၂၀၁၈) ခုနှစ်မှစ၍ ကနေဒါ နိုင်ငံ၏ နိုင်ငံတကာကျောင်းသားအဓိက ရရှိရာ အရင်းအမြစ်တစ်ခုလည်း ဖြစ်လာခဲ့သည်။ တစ်ဖက်က ကြည့်ပါက နှစ်နိုင်ငံဆက်ဆံရေးမှာ လူမျိုးစု အသိုက်အဝန်းပြဿနာတစ်ခုထက် ပိုပြီး ကျယ်ပြန့်သည့် စဉ်းစားစရာများကလည်းရှိနေပြန်သည်။ လူမျိုးစုဆိုင်ရာပြဿနာရှိသကဲ့သို့ နှစ်နိုင်ငံ ကုန်သွယ်ရေး လည်း တိုးတက်လာပြီး ကျောင်းသားလဲလှယ်မှု အစီအစဉ်လည်း တိုးတက်လာခဲ့သည်။
အိန္ဒိယနိုင်ငံသည် ကနေဒါနိုင်ငံကို ပါကစ္စတန် နိုင်ငံကိုတံဆိပ်ကပ်သကဲ့သို့ အိန္ဒိယနိုင်ငံကိုဆန့် ကျင်သည့် အကြမ်းဖက်သမားများကို ခိုလှုံခွင့်ပေးခြင်း၊ ထောက်ပံ့ကူညီခြင်း ပြုလုပ်နေသည်ဟုဆိုထား သည်။ ရံဖန်ရံခါတွင် ကနေဒါနိုင်ငံကို စွပ်စွဲပြောဆိုချက်များသည် ပါကစ္စတန်နိုင်ငံကို စွပ်စွဲပြောဆိုချက် များထက်ပင် ပိုမိုပြင်းထန်တတ်သည်။ Singh Nijjar အသတ်ခံရမှုနှင့်ဆက်စပ်၍ အိန္ဒိယနိုင်ငံသား (၄)ဦး ကို ကနေဒါအစိုးရကဖမ်းဆီးထားသည်။ Singh Nijjar သည် (၁၉၉၇) ခုနှစ်တွင် ကနေဒါနိုင်ငံသို့ ရွှေ့ ပြောင်းရောက်ရှိလာပြီး (၂၀၁၅) ခုနှစ်တွင် ကနေဒါ နိုင်ငံသားဖြစ်လာခဲ့သည်။ ထို့နောက် အိန္ဒိယနိုင်ငံ အပြင်ဘက်တွင် နေထိုင်ပြီး Khalistan အဖြစ် သိထားကြသည့်ဒေသတွင် သီးခြားဆစ်ခ်ပြည်နယ်အဖြစ် ရရှိနိုင်ရန် စည်းရုံးလှုံ့ဆော်နေသူတစ်ဦးဖြစ်သည်။ ၎င်းကို လူသတ်မှုတစ်ခုတွင် ပူးပေါင်းပါဝင်မှု၊ အကြမ်း ဖက်ဝါဒီဖြစ်မှုအတွက် အိန္ဒိယအာဏာပိုင်များက အလိုရှိနေခြင်းလည်း ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် (၂၀၂၃) ခုနှစ်မှစ၍ Singh Nijjar အသတ်ခံရမှုကိစ္စကိုအကြောင်းပြုပြီး ကနေဒါ နိုင်ငံသားများကို ဗီဇာကန့်သတ်မှုများပြုလုပ်ခဲ့သည်။ ဆစ်ခ်ခွဲထွက်ရေးသမားတစ်ဦးကို ကနေဒါ နိုင်ငံ တွင် လုပ်ကြံရန်ကြိုးစားမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၏စွပ်စွဲပြောဆိုချက်များကိုလည်း ရင်ဆိုင် ကြုံတွေ့ခဲ့ရသည်။
အိန္ဒိယနိုင်ငံသည် ကနေဒါနိုင်ငံ၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သကဲ့သို့ စွပ်စွဲချက်များနှင့် ပတ် သက်၍ ပူးပေါင်းဆောင်ရွက်ရန်လည်း ငြင်းဆိုခဲ့သည်။ ဝန်ကြီးချုပ် ထရူးဒူကမူ အိန္ဒိယနိုင်ငံနှင့် ခိုင်မာ သည့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်မှု၏အရေးကြီးပုံကို အသိအမှတ်ပြုသကဲ့သို့ တစ်ဖက်တွင်လည်း ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်ကို ပစ်မှတ်ထားသည့် အိန္ဒိယနိုင်ငံ၏အပြုအမူကို လက်မခံနိုင်ကြောင်း ပြစ်တင်ရှုတ်ချခဲ့သည်။ သို့သော် ဆစ်ခ် သီးခြားပြည်နယ်တည်ထောင်ရေးအပေါ် ထပ်တူကျသည့်နားလည်မှု (shared under standing) မရှိပါက နှစ်နိုင်ငံကြားဆက်ဆံရေးသည်လည်း အဖုအထစ်များ ရှိနေဦးမည်သာဖြစ်သည်။ Kha listan လှုပ်ရှားမှုဆိုသည်မှာ အိန္ဒိယနိုင်ငံ မြောက်ပိုင်း တွင် သီးခြားဆစ်ခ် ပြည်နယ်တစ်ခု တည်ထောင် နိုင်ရန်ရည်ရွယ်သည့် လှုပ်ရှားမှုတစ်ခုဖြစ်သည်။ နှစ် နိုင်ငံလုံးသည် လက်ရှိ အခြေအနေကို မတူညီသည့် ရှုထောင့်အသီးသီးမှ ဆက်လက်ချဉ်းကပ်နေကြ ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံသည် Khalistan လှုပ်ရှားမှုနှင့်ပတ်သက်၍ ကနေ ဒါနိုင်ငံကို နှစ်ပေါင်း များစွာ မျိုးသိပ်သည်းခံခဲ့ရသည်ဟုဆိုသည်။ ကနေဒါ နိုင်ငံ၏အပြုအမူမှာ အမျိုးသားလုံခြုံရေးနှင့် နယ် မြေတည်တံ့ခိုင်မြဲမှုအတွက် ကြီးမားသည့်ခြိမ်း ခြောက်မှုတစ်ခုအဖြစ် ရှုမြင်ထားသည်။ ကနေဒါနိုင် ငံရှိ ဆစ်ခ်မျိုးနွယ်စုအသိုက်အဝန်းသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး အသိုက်အဝန်းဖြစ်ပြီး သီးခြား ဆစ်ခ် ပြည်နယ်တစ်ခု တည်ထောင်ရေးလှုပ်ရှားမှုကို ထောက်ပံ့ပေးနေခြင်းဖြစ်ရာ အိန္ဒိယနိုင်ငံ၏ စိုးရိမ်မှု အပေါ် မီးလောင်ရာလေပင့်ဆိုသကဲ့သို့ ဖြစ်စေသည်။ ကနေဒါနိုင်ငံကလည်း ဒီမိုကရက်တစ် တန်ဖိုး များ၏ ပင်မကျောရိုးတစ်ခုအဖြစ် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် အပါအဝင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို အလေးထားကြောင်း ပြောဆိုထားသည်။
အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာရပ်တည်ချက်မှာ အင်ဒိုပစိဖိတ်ဒေသတွင် တရုတ်နိုင်ငံ အင်အား ကြီးမားလာမှုအပေါ် တန်ပြန်ထိန်းညှိရန်ဖြစ်ရာ ၎င်း၏ သံတမန်ဆက်ဆံရေးအပေါ် ရှုပ်ထွေးမှုများ ပို၍ ဖြစ်စေနိုင်သည်။ အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအား တန်ပြန်ထိန်းညှိရေးအပါအဝင် ၎င်း၏ မဟာဗျူဟာ အကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အမေရိကန်နိုင်ငံကို အရေးကြီး မဟာမိတ်အဖြစ် ရှုမြင်ထားသည်။ အမေရိကန်နိုင်ငံကလည်း အပြန်အလှန်အားဖြင့် အိန္ဒိယနိုင်ငံကို အင်ဒိုပစိဖိတ် မဟာဗျူဟာ၏မှတ်တိုင်တစ်ခု ရှုမြင်ထားသည်။ အမေရိ ကန်နှင့်အိန္ဒိယနိုင်ငံတို့၏ ဆက်ဆံရေးနက်ရှိုင်းလာမှုသည် ကာကွယ်ရေးနှင့်စီးပွားရေး မိတ်ဖက်ဖြစ်မှုမှ သည် နည်းပညာ လွှဲပြောင်းရေးအထိ ကျယ်ပြန့်လာသည်။
အိန္ဒိယနိုင်ငံသည် (၂၀၂၂) ခုနှစ်တွင်ဖော်ထုတ်ခဲ့သည့် ကနေဒါနိုင်ငံ၏ အင်ဒိုပစိဖိတ် မဟာဗျူ ဟာတွင် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်နေသည်။ တရားဝင်ထုတ်ပြန်သည့်မှတ်တမ်းများတွင် ကနေဒါ နိုင်ငံသည် တရုတ်နိုင်ငံကို အကျပ်အတည်းနိုင်ငံ (disruptive power) အဖြစ် ဖော်ပြထားပြီး အိန္ဒိယ အပါအဝင် အင်ဒိုပစိဖိတ်နိုင်ငံများနှင့် ဆက်ဆံရေး ခိုင်မာရန်လိုအပ်ကြောင်း အလေးထား ပြောဆိုထားသည်။ အိန္ဒိယနိုင်ငံ၏ ကြီးထွားလာနေသည့် မဟာဗျူဟာ၊ စီးပွားရေးနှင့် လူဦးရေ အချိုး အစားတို့၏ အရေးပါမှုသည် ကနေဒါနိုင်ငံ၏ ပထဝီမဟာဗျူဟာ ရည်မှန်းချက်များ အောင်မြင်ရေး အတွက် သော့ချက်အဖြစ် ကနေဒါနိုင်ငံ၏ အင်ဒိုပစိဖိတ်မဟာဗျူဟာတွင် အလေးပေးဖော်ပြထားသည်။ သို့ဖြစ်ရာ ကနေဒါနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် Comprehensive Economic Partnership Agreement ဖြစ်လာစေရေး ညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်သည်။ သို့သော် ကနေဒါ နိုင်ငံ၏စွပ်စွဲချက်များကြောင့် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးတင်းမာလာပြီး ညှိနှိုင်းနေမှုများမှာလည်း ဆိုင်းငံ့ သွားခဲ့ပြီ ဖြစ်သည်။
မိုဒီအစိုးရကလည်း အိန္ဒိယနိုင်ငံ၏ မဟာ ဗျူဟာမြောက် တန်ဖိုးသည် အနောက်နိုင်ငံများအ တွက် အရေးပါနေခြင်းကြောင့် နိုင်ငံရပ်ခြားရှိ ဆစ်ခ် သီးခြားပြည်နယ်တည်ထောင်ရေးလှုပ်ရှားမှုကို ကိုင် တွယ်ခြင်းအပေါ် ဝေဖန်ခြင်းမှ လွတ်ကင်းလိမ့်မည်ဟု တွက်ချက်ကောင်း တွက်ချက်နိုင်သည်။ သို့သော် အိန္ဒိယနိုင်ငံ၏ဆောင်ရွက်ချက်အပေါ် လက်မခံနိုင်ကြောင်း အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့ထံမှ မျှော်လင့်မထားသည့် တုံ့ပြန်မှုများကိုသာ ရရှိခဲ့သည်။ ကနေဒါဘက်ကကြည့်ပါက ကနေဒါမြေပေါ်တွင် အိန္ဒိယနိုင်ငံ၏အပြုအမူသည် အချုပ်အခြာအာဏာ ကို ပေါ်ပေါ်တင်တင်ချိုးဖောက်ခြင်းအဖြစ် ရှုမြင်ထား သည်။ အိန္ဒိယနိုင်ငံဘက်ကမူ ဆစ်ခ်သီးခြားပြည်နယ် တည်ထောင်ရေး လှုပ်ရှားမှုအပေါ် ကနေဒါနိုင်ငံက ထောက်ပံ့နေခြင်းသည် အမျိုးသားလုံခြုံရေးကိစ္စ အဖြစ်ရှုမြင်ထားသည်။ မတူညီသည့် နှစ်ဖက်အမြင် ကိုညှိနှိုင်းရန်မှာ တူညီသည့် ဘုံပိုင်းခြေတစ်ခုရှိရန် လိုအပ်သည်။ သို့မဟုတ်ပါက နှစ်ဖက်လုံးတွင် မဟာ ဗျူဟာမြောက် အကျိုးစီးပွားများရှိနေသည့်တိုင် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အဖုအထစ်များ ရှိနေဦးမည်သာ ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Tommy Hilfiger ကုမ္ပဏီရဲ့သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆိုး
RELATED POSTS
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
21 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ