ရခိုင်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင်အားလုံးနီးပါး ရပ်တည်ရန်ခက်ခဲလာသဖြင့် ရန်ကုန်သို့ပြောင်းရွှေ့လာကြ
ယွန်း (NSS) - အောက်တိုဘာ ၃ဝ
ရခိုင်ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းရှင် အားလုံးနီးပါး ရပ်တည်ရန်ခက်ခဲလာသဖြင့် ရန်ကုန်သို့ပြောင်းရွှေ့လာကြကြောင်း ကျောက်ဖြူမြို့ခံ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးက NSS ကို ပြောသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားကို AA က စတင်တိုက်ခိုက်ထိန်းချုပ်ထားသည့်အပြင် တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွားနေသည် သာမက ၎င်းတို့ထိန်းချုပ်ရာ နယ်မြေများတွင် ဒေသခံပြည်သူ များအတွက် စားဝတ်နေရေး အပါအဝင် ပညာရေးနှင့် ကျန်းမာရေးများကို စီစဉ်ပေးမှုမရှိခြင်းကြောင့် စီးပွားရေးလုပ်ငန်းများအတွက်လည်း ရပ်တည်ရန် ခက်ခဲလာကြောင်း သိရသည်။
ထို့ပြင် ကုန်စည်စီးဆင်းမှုမရှိသည့်အတွက် စီးပွားရေးလုပ်ငန်းများအားလုံးနီးပါး ၎င်းတို့ရေရှည်ရပ်တည်နိုင်ရေးအတွက် ရန်ကုန်သို့အများဆုံးပြောင်း ရွှေ့လာကြောင်း သိရသည်။ ထိုသို့ ပြောင်းရွှေ့လာကြခြင်းကို ကြည့်ခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းရှင်များက ၎င်းတို့ကို အုပ်ချုပ်မည်ဆိုသော AA အပေါ် ယုံကြည်ချက်မရှိကြောင်း တွေ့မြင်ရခြင်းလည်း ဖြစ်သည်။
"ရခိုင်မှာသူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ၊ အ လုပ်တွေက ဘာမှလုပ်လို့မရတော့ဘူးလေ။ အားလုံး လိုလိုက ရန်ကုန်မှာရောက်နေကြပြီးတော့ ရတဲ့အ လုပ်တွေနဲ့ ဆိုင်ဖွင့်တာတွေ လုပ်ကြတယ်။ ဘာတစ်ခု မှ လုပ်စားလို့မရတော့ဘူး။ စစ်တွေဆိုလည်း နေ့လား၊ ညလားလေ။ သံတွဲလည်းမရှိတော့ဘူး။ ကျောက်ဖြူမှာ ဆိုလည်း မြို့ပြင်ကို မထွက်ရဘူး။ မြို့ထဲကိုလည်း ဘယ်သူမှမဝင်ရဘူး။ ငါးဖမ်းခွင့်တွေလည်း မရှိတော့ ဘူး။ သယ်ယူပို့ဆောင်ရေးကလည်း ဘာမှမရှိတော့ဘူးလေ။ ဘာဝင်ငွေမှမရှိတော့ ရေရှည်ရပ်တည်ဖို့က ခက်ခဲလာကြတယ်။ ကုန်စည်စီးဆင်းမှုက ဘာမှမရှိ ဘူး။ ဆေးရုံတွေမှာတောင် ပတ်တီးတွေကအစ ဘာမှ မရှိတော့ဘူး။ တင်သွင်းခွင့်လည်းမပြုဘူး"ဟု ကျောက်ဖြူမြို့ခံ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။
ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများနှင့် တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်တာဝါတိုင်များ ပျက်စီးမှုရှိခဲ့ရာ လက်ရှိအချိန်အထိ လျှပ်စစ်မီးမရရှိသေးကြောင်း သိရသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း၌ ကျေးလက်တောရွာများမှ အခြေခံလူတန်းစားများနှင့် မြို့ ပေါ်ရှိ လက်လုပ်လက်စားများသာ ကျန်ရှိနေပြီး ၎င်းတို့အနေဖြင့်လည်း စားသောက်နေထိုင်နိုင်ရေးအတွက် အခက်အခဲများရှိနေကြောင်း သိရသည်။
"လုပ်ငန်းရှင်အကြီးတွေရော၊ အသေး တွေရော စီးပွားရေးလုပ်ငန်းရှင်တွေမရှိကြတော့ဘူး။ အခုက ထွက်ပြေးစရာမရှိတဲ့ ကျေးလက်တောရွာက လူတွေနဲ့၊ မြို့ပေါ်က လက်လုပ် လက်စားတွေပဲ ရှိ တော့တယ်။ သူတို့တွေလည်းအဆင်မပြေပါဘူး။ အရမ်းဒုက္ခရောက်တယ်။ စားတဲ့ဆီရော၊ လောင်စာဆီ ရော၊ ဆေးကအစ ဘာမှသွင်းလို့မရဘူး။ စားသောက် နေထိုင်ဖို့ကို တော်တော်လေးကို ခက်ခဲကြတယ်။ ရသလိုရှာဖွေစားနေရတာပေါ့" ဟု အထက်ပါ စီးပွားရေးလုပ်ငန်းရှင်က ပြောသည်။
ထို့ပြင် AA က ရခိုင်ပြည်နယ်တောင်ပိုင်းတွင် ထိန်းချုပ်နယ်မြေ တိုးလာစေရန်အတွက် မကြာသေးမီကာလအထိ တိုက်ပွဲများ ဖော်ဆောင်နေရာ တပ်မတော်ကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အချုပ်အခြာ အာဏာ ကိစ္စလား ၊ အမျိုးသားလုံခြုံရေး ကိစ္စလား
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း