မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
စော (NSS) - အောက်တိုဘာ ၂၅
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များ နေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိ သည့်အတွက် ဝင်ငွေးနည်းပါးနေကြောင်း မျှစ်နှင့်ဝါး စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဝါးပညာရှင် ဦးကျော်ဝင်းက NSS ကိုပြောသည်။
“ နိုင်ငံခြားက ဝါးအဝယ်က တောက်လျှောက်လာတယ်။ ဝါးဆစ်ပိတ်တွေ ဝယ်တာရှိတယ်။ ဝါးတွေကို သုံးပေတိုဝါးတွေ ဝယ်တာရှိတယ်။ ကြသောင်းဝါးတွေ ဝယ်ကြတာတွေရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီက ဝါးတွေက နည်းနည်းပျက်စီးနေတဲ့အတွက် export ဈေးကွက်ကို ဝင်အောင်က နည်းနည်း လိုနေသေးတယ်။ လက်ရွေးစင်ပို့တာဆိုတော့ ဝင်ငွေအရတော့ အရမ်းကြီး တရုတ်တို့၊ အိမ်နီးချင်းတို့ထက်စာရင် ဝင်ငွေသိပ်ပြီးမပြောပလောက်ဘူး။ ကျွန်တော်တို့မှာ အရည်အသွေးမြင့် ဝါးတောမရှိဘူးလေ” ဟု ဦးကျော်ဝင်းက ပြောသည်။
မြန်မာ့ဝါးများကို နှီးဖြာခြင်း၊ ဖြာရက်ခြင်း၊ တောင်း ရက်ခြင်းလုပ်ငန်းများတွင် ပြုလုပ်နိုင်ပြီး ဝါးရင့်သွားပါက ဝါးရေခွက်၊ အမွှေးတိုင်၊ ပရိဘောဂ၊ ပါကေး၊ အထပ်သား၊ စားပွဲကုလားထိုင်၊ ပန်းကန်စင် နှင့် ဗီဒို ကြောင်အိမ်စသည်တို့ကို ပြုလုပ်ရောင်းချနိုင်ကြောင်း သိရသည်။ “ ဝါးတောတစ်တောကို ပိုင်ရှင် က မလိုအပ်တဲ့ ဝါးတွေကို ခုတ်တာ။ ကောက်နေတဲ့ဝါးတွေကို ခုတ်မယ်။ သိပ်ပြီးအဆင်မပြေတဲ့ မျှစ်တွေ ကိုချိုးမယ်။ သက်တမ်းရင့်နေတဲ့ ဝါးတွေကို ခုတ်မယ်ဆိုရင် ဒီဝါးတောက အလုံးကြီးလာမယ်။ ဖြောင့်လာ မယ်။ ဒီအတိုင်းပဲ တခြား ဝါးရုံတွေကလည်း ကိုယ်လိုချင်တဲ့အရွယ်အစားဆိုက်ကို ချန်လိုက်ရင် ဝါးတော က တဖြည်းဖြည်းကောင်းသွားတာပေါ့။ စိုက်တဲ့ဝါးတွေကျတော့ ပိုင်ရှင်ကရှိတဲ့အခါကျတော့ မြင့်အောင် ရယ် ဖြောင့်အောင်ရယ် အလုံးဆိုက်ညီတဲ့ဟာတွေကို ဂရုတစိုက် ထားတဲ့အခါကျတော့ အရည်အသွေး မြင့်တယ် ခေါ်တာပေါ့ ” ဟု ၎င်းကဆက်လက်ရှင်းပြသည်။
ဝါးများ ရှားပါးလာရခြင်းအကြောင်းအရင်းမှာ တုံးသွားသောဝါးတောများကို မီးရှို့ကာ တောင်ယာ စိုက်ပျိုးခြင်းကြောင့် ဝါးမျိုးမဖြစ်ထွန်းခြင်း၊ မျှစ်များကို စနစ်တကျမချိုးခြင်းနှင့် ဝါးများကို စနစ်တကျ မခုတ်ခြင်းတို့လည်း ပါဝင်ကြောင်း သိရသည်။ “ အခု ကျွန်တော်တို့ ဆီကျတော့ ဝါးကစိုက်ခင်းတွေ နည်း တယ်။ သဘာဝဝါးတောတွေမှီခိုနေတဲ့အတွက် မျှစ်ချိုးနေတဲ့ တောက သူများတစ်ယောက်ယောက်က စိုက်ခင်းအနေနဲ့ စိုက်ပြီး ယူသွားရင် အဲဒီတောထဲဝင်မရတော့ဘူး။ အဲဒီတော့ တခြားတစ်နေရာ သွားချိုး ရင်း သွားချိုးရင်းနဲ့ သယ်ယူစရိတ်တွေလည်း ဝေးကုန်တာပေါ့။ သယ်ယူစရိတ်က တအားဝေးတဲ့အခါကျ တော့ ဝါးဖိုး နဲ့ ကားခနဲ့ဆိုရင် ကျွန်တော်ထင်တယ် ကားခက ပိုဈေးကြီးနေတယ်။ အဲဒါကြောင့်လည်း ဈေးတက်တာလည်း ပါတာပေါ့ ” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိအချိန်တွင် သယ်ယူပို့ဆောင်ခနှင့် လုပ်အားခ ဈေးတက်ခြင်းတို့ကြောင့် ဝါးတစ်လုံးတန်ဖိုးလျှင် ငွေကျပ် (၁၅၀ဝ) မှ (၂၅၀ဝ) ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း