တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ(၉)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပခရီးသွားဝင်ရောက်မှုများပြားမည်ဟု ခန့်မှန်း
ယွန်း (NSS) - အောက်တိုဘာ ၂၄
ယခုနှစ်(၂၀၂၄ ခုနှစ်) တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို လာမည့်နိုဝင်ဘာ(၉) ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပခရီးသွားဧည့်သည် လာရောက်မှုများပြားနိုင် ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းထံမှ သိရသည်။
အဆိုပါမီးပုံးပျံပွဲတော်ကို လာမည့် နိုဝင်ဘာလ(၉)ရက်မှ (၁၅)ရက်အထိ (၇)ရက်တိုင်တိုင် အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ကျင်းပခဲ့သည့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်၌ ပြည်တွင်းခရီးသွားများ အပြင် နိုင်ငံခြားသားခရီးသွားဧည့်သည်များလည်း လာရောက်ခဲ့ပြီး ယခုနှစ်တွင်လည်း ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုများပြားနိုင်ကြောင်း ခန့်မှန်းထားခြင်းဖြစ်သည်။
"ဒီနှစ်က တန်ဆောင်တိုင်လပြည့်နေ့က (၁၅)ရက်နေ့ဆိုတော့ ပွဲတော်ရက်ကလည်း စောသွားတာပေါ့။ ထူးထူးခြားခြားအစီအစဉ်တော့ မပါဘူး။ အရင်နှစ်လုပ်သလိုပါပဲ။ ခရီးသွား ဧည့်သည်တွေကတော့ နှစ်တိုင်းလာကြပါတယ်။ အခုက ဖောင်တော်ဦးဘုရားကလည်း ရေပြန်ကျသွားပြီ။ အခုသီတင်းကျွတ်တောင် ဧည့်သည်တွေလာကြတာ တောင်ကြီးမြို့မှာဆို ကားလမ်းတွေတောင်ပိတ်တယ်။ အချို့ဆို တည်းခိုခန်းတွေတောင်မရကြဘူး။ ဒီနှစ်တန်ဆောင်တိုင်ပွဲတော် မှာလည်း နိုင်ငံခြားခရီးသွားဧည့်သည်တွေကတော့ လာကြမှာပါ။ အစိုးရကလည်း ဦးစီးပြီးတော့ သေချာကြီးကြပ်ပြီးလုပ်ဆောင်နေတာဆိုတော့ ခရီးသွားဝင်ရောက်မှုများမယ်လို့တော့ ထင်ပါတယ်။ လုံခြုံရေးပိုင်းကလည်း အစိုးရဘက်ကတော့ သေချာလုပ်သွားမယ်ထင်ပါတယ်" ဟု ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါ မီးပုံးပျံပွဲတော်၌နေ့ပိုင်းတွင် ခြေ(၂)ချောင်း၊ ခြေ(၄)ချောင်းနှင့် အရုပ်အုပ်စုမီးပုံးပျံများကို လွှတ်တင်သွားမည်ဖြစ်ပြီး ညပိုင်းတွင် ညမီးကြီးမီးပုံးပျံနှင့် စိန်နားပန်မီးပုံပျံများကို လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ မီးပုံးပျံပွဲတော်တွင် ပါဝင်မည့် စုစုပေါင်းမီးပုံးပျံအရေအတွက်ကို စာရင်းပြုစုနေဆဲဖြစ်ပြီး အောက်တိုဘာလကုန်ပိုင်းတွင် ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်မှစ၍ (၃)နှစ်ကြာ ရပ်နားထားခဲ့ရပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝေါမြို့နယ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါသည့် ခရီးသည်ထံမှ ပစ္စတို သေနတ်(၁၆) လက်နှင့် ကျည်(၅၃ဝ)ဖမ်းဆီးရမိ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ