ဂျပန်တံတားအဆင်းတွင် အိမ်စီးကားတစ်စီး အပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွား
ချယ်ရီ (NSS)- စက်တင်ဘာ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် အိမ်စီးကားတစ်စီးမောင်းနေစဉ် အင်ဂျင်ခန်းအပူလွန်ကဲရာမှ ကားမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေါပုံမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၂၃ ရက်)၊ ညနေပိုင်း ၅နာရီ ၄၉ မိနစ်အချိန်ခန့်က ဒေါပုံမြို့နယ်၊ မင်းနန္ဒာလမ်းမကြီး၊ ဂျပန်တံတားအဆင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“အင်ဂျင်ခန်းက ဘက်ထရီနဲ့ဆက်စပ်ထားတဲ့ဝါယာတွေ အပူလွန်ကဲပြီးမှ လောင်တာပေါ့နော်။ မောင်းတဲ့သူကတော့ ထိခိုက်မှု မရှိပါဘူး။ သူ့မှာပါလာတဲ့ မီးသတ်ဆေးဘူးနဲ့ ငြှိမ်းတာကို မငြိမ်းဘဲနဲ့ အဲဒီမီးက ပိုပြီးကြီးသွားတာပါ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
မီးလောင်းသော ကားအမျိုးအစားမှာ Chevrolet Trax အမျိုးအစားဖြစ်ပြီး အင်ဂျင်ခန်း နှင့် ကားအရှေ့ပိုင်းသာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
“ကားတွေဆိုတာ သုံးလာတာကြာသည်နှင့်အမျှတော့ အစိတ်အပိုင်းတွေက အနည်းနဲ့အများ ချို့ယွင်းမှုတွေ ဖြစ်နေမှာပဲလေ။ ချို့ယွင်းမှုတွေဖြစ်နေတဲ့ချိန်မှာ ဒီလိုမီးလောင်မှုဆိုတာတော့ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ယာဉ်အသုံး ပြုသူတွေက ကိုယ့်ကားကိုလည်း သတ်မှတ်ထားတဲ့အတိုင်း ပြုပြင်မှုတွေ ဆောင်ရွက်မယ်။ ပြီးလို့ချင်ရင် ဒီမီးသတ်တဲ့အခါ ထိရောက်တဲ့မီးသတ်ဆေးဘူးမျိုးတွေ ကားပေါ်မှာ ဆောင်ထားဖို့ အကြံပြုချင်ပါတယ်”ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင် ကားမီးလောင်သည့် ဖြစ်စဉ်အနက် အနီးစပ်ဆုံးဖြစ်စဉ်မှာ ပြီးခဲ့သည့်(စက်တင်ဘာ ၁၃ ရက်)၊ နံနက် ၁၀ နာရီ ၄၂ မိနစ်ခန့်က ရန်ကုန်မြို့ရှိ အောက်ကြည့်မြင်တိုင်လမ်းနှင့် အလုံလမ်းမီးပွိုင့်ထောင့် Hotel Grand Vista ရှေ့တွင် YBS -၂၂ ယာဥ် မီးလောင်မှုဖြစ်ပွားခဲ့ရာ ယာဥ်အတွင်းပိုင်းနှင့် တစ်စီးလုံးနီးပါး မီးလောင်ပျက်စီးခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယ ဒုံးကျည်စမ်းသပ်မှု သတိပေးချက်ကို ပြန်လည်ပြင်ဆင်ခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း