ကားဈေးကွက်အတွင်း သိန်း(၄ဝဝ)(၅ဝဝ)ဝန်းကျင်ကားများ ဝယ်ယူရခက်ခဲလာ
ခေတ်မင်းကို (NSS) - စက်တင်ဘာ ၇
မြန်မာနိုင်ငံအတွင်း ရွှေဈေးဒေါ်လာဈေးများ နည်းတူ ကားဈေးများဆက် တိုက်တက်လာရာ သိန်း (၄ဝဝ)မှ သိန်း (၅ဝဝ)ဝန်းကျင် အိမ်စီးကားများ ဝယ်ယူရန်ခက်ခဲလာကြောင်း ရန်ကုန်မော်တော်ကားရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌက ပြောသည်။
လတ်တလော အထွေထွေကုန်ဈေးနှုန်းမြင့်တက်နေမှုကြောင့် အိမ်စီးကားအပါအဝင် ကားဈေးနှုန်းများမှာ ဆက်တိုက်မြင့်တက်နေပြီး အမှန်တကယ်လိုအပ်ချက်အရ ကားဝယ်ယူသူများအတွက်အခက်အခဲဖြစ်ပေါ်နေကြောင်းသိရသည်။
“ရန်ကုန်တစ်ခုတည်း ကားဈေးတက်နေတာ မဟုတ်ဘူး၊ မန္တလေးကော မော်လမြိုင်ဘက်တွေမှာအပြိုင်လိုက်တက်နေတာ။ ငွေလိုလို့ရောင်းချင်သူတွေက လျှော့ရောင်းတဲ့ကားတွေရှိပေမယ့် အခုအချိန်မှာ ငွေလိုလို့ရောင်းတဲ့ ကားရှားသွားပြီ၊ အားလုံးက အရောင်းရှားသွားတော့ ကားဈေးကွက်ထဲမှာအဝယ်ခက်နေတာပေါ့”ဟု ရန်ကုန်မော်တော်ကားရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဝင်း ကပြောသည်။
လက်ရှိပြည်တွင်း၌သုံးစွဲနေသော ကားအများစုမှာ ဂျပန်တစ်ပတ်ရစ် စက်သုံးဆီသုံးကားများဖြစ်ကြပြီး ထုတ်လုပ်သည့်မော်ဒယ်သက်တမ်းအရ အနှစ်နှစ်ဆယ်ဝန်းကျင်အထိရောက်ရှိနေသော်လည်း ဈေးများမကျဆင်းဘဲ ဆက်တက်နေကြောင်း သိရသည်။ နိုင်ငံတော်မှ ကားတင်သွင်းခွင့်မူဝါဒအရ လတ် တလောတွင် ဘယ်မောင်းမော်ဒယ်မြင့်များကိုသာ ခွင့်ပြုထားသဖြင့် တစ်စိတ်တစ်ပိုင်းတပ်ဆင်ထုပ်လုပ်သည့် CKD နှင့် SKD ကားများသာ ဈေးကွက်အတွင်းဝင်ရောက်နေကြောင်းသိရသည်။
“SKD ကားတွေကများသုံးပြီးသား ပြန်ရောင်းတာတောင် သိန်းတစ်ထောင်အထက်မှာရှိနေတယ်။ သာမာန်လူလတ်တန်းစားက မဝယ်နိုင်ဘူး။ ရန်ကုန်လိုမြို့ကြီးတွေနဲ့နယ်မြို့က အသေးစားအလတ်စားလုပ်ငန်းရှင်တွေအတွက် ကားဝယ်စီးဖို့ ကားရှာရတာအရမ်းခက်နေတယ်၊ ရန်ကုန်မှာဆို ကလေးကျောင်းပို့ အလုပ်သွားအလုပ်ပြန်အတွက် တန်ဖိုးနည်းကားရှာရတာမလွယ်ဘူး” ဟု တာမွေမြို့နယ်မှ နိုင်ငံခြားသင်္ဘောသား တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ အထက်ပိုင်းနှင့် ရှမ်းမြောက်ဒေသတွေက လက်နက်ကိုင်တိုက်ပွဲ ကြောင့် အိမ်စီးကားများ ဈေးကွက်အတွင်းဝင်ရောက်လာသော်လည်း ဈေးမကျပဲတက်ဈေးဖြင့်သာ ကားပိုင်ရှင်များက ရောင်းချနေကြောင်းသိရသည်။ “စစ်ဖြစ်လို့ လာရှိုးကကားတွေ မန္တလေးနဲ့ရန်ကုန်ကို ဝင်လာတယ်။ တခြားဘားအံနဲ့မြစ်ကြီးနားဘက်ကရော အစုံပေါ့၊ ဒါပေမဲ့ ဈေးကမကျဘူး ကားပိုင်ရှင်တွေက နယ်မှာလိုင်စင်မဲ့ without ကားတွေရှိနေတော့ ကြိုက်ဈေးရမှရောင်းမယ်ဖြစ်ကုန်ရော”ဟု ကားဝယ်ရောင်းအကျိုးဆောင် တစ်ဦးကပြောသည်။
လက်ရှိတွင် ကားလိုင်စင်သက်တမ်းများ ပြန်လည် သက်တမ်းတိုးလာသော် လည်း ကားပိုင်ရှင်များက ကားများရောင်းချရန် နှင့် အသစ်ပြောင်းလဲဝယ်ယူရန် အခွန်မဆောင်ချင်သောကြောင့် ကားဝယ်ရောင်းဈေးကွက်အတွင်း သိန်း(၄ဝဝ)ဝန်းကျင်ကား ရှားနေကြောင်းသိရသည်။
“ပြည်တွင်းမှာ showroom တွေကပြန်ဝယ်သူတွေဟာ ငွေဖြူပြပြီး အနည်း ဆုံး (၁)နှစ်အထိလစဉ် အခွန်မှန်မှန်ဆောင်ခဲ့တဲ့သူတွေ၊ နိုင်ငံ့ဝန်ထမ်းသက်တမ်း(၁၅)နှစ်အထက်ရှိသူတွေ၊ တာဝန်ကျေစီမံကိန်းသီးနှံ သိန်းငါးရာဖိုးအထိ စိုက်ပျိုးရောင်းချသူတောင်သူတွေပဲ ဝယ်ခွင့်ရသင့်တာပါ။ ကားဝယ်မှ အခွန်ဆောင်ခွင့်ပေးပြီး ဝယ်ခွင့်ပြုတာမျိုးတွေဟာ အခွန်ရှောင်၊ ငွေမဲခဝါချ၊ အဂတိသမားတွေကို အားပေးနေတာနဲ့တူပါတယ်'ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။
လတ်တလောဈေးကွက်အတွင်း ကားဈေးနှုန်းများ (၁၀)ရာခိုင်နှုန်းမှ (၁၅)ရာခိုင်နှုန်းအထိမြင့်တက်လာပြီး သိန်းလေးရာမှသိန်းငါးရာ ဝန်းကျင်ကားများအရောင်းမရှိဘဲ ဝယ်ယူရန်ပင်ခက်ခဲနေကြောင်း ကားဝယ်ရောင်း ဈေးကွက်အတွင်းမှသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းအစိုးရက မြန်မာဘာသာစကားဖြင့် သင်ကြားနေသည့် ပညာရေးစင်တာ (၆)ခုကို ပိတ်သိမ်း
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း