ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးနယ်မြေတွင် ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်များအပါအဝင် မျိုးစိတ်ပေါင်း (၁၆၀)ကို မှတ်တမ်းတင်ထားဟုဆို
စော (NSS) - ဩဂုတ် ၃၁
ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးနယ်မြေတွင် ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်များအပါအဝင် မျိုးစိတ်ပေါင်း (၁၆၀)ကို မှတ်တမ်းတင်ထားကြောင်း သိရသည်။
ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးနယ်မြေသည် ဧရာဝ တီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းတိုက်နယ်အတွင်းရှိ ကျုံကပြင်ကျေးရွာအုပ်စုတွင် ပါဝင်ကြောင်း သိရသည်။ ကျုံကပြင်-တက်ဆိပ်ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (KTCG) က ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)နေ့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားချက်အရငှက်မျိုးစိတ်များကို မှတ်တမ်းတင်ထားကြောင်း သိရသည်။
အဆိုပါထိန်းသိမ်းရေးအဖွဲ့ဝင်ဒေသခံများက ထိန်းသိမ်းရေးနယ်မြေရှိ ငှက်များအား လေ့လာမှတ်တမ်းတင် ထိန်းသိမ်းခြင်း အစီအစဉ်ကို လစဉ်လတိုင်း ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်၊ သြဂုတ်လအထိ ငှက်မျိုးစိတ်စုစုပေါင်း (၁၆၀)ကို မှတ်တမ်းတင် စာရင်းကောက်ယူထားကြောင်း သိရသည်။
အဆိုပါငှက်မျိုးစိတ်များအနက် ဌာနေငှက်(ခေါ်) မြန်မာနိုင်ငံတွင် သား ပေါက်မျိုးပွားသော မျိုးစိတ်များ၊ မိုးရာသီကာလတွင် သားပေါက်ရန် ကျက် စားသောငှက်မျိုးစိတ်များ နှင့် ဆောင်းရာသီတွင် မြင်တွေ့နိုင်သော ဆောင်းခိုငှက်မျိုးစိတ်များဟူ၍ ခွဲခြားနိုင်ကြောင်း သိရသည်။
၎င်းငှက်မျိုးစိတ်များတွင် ကမ္ဘာ့ရှားပါးစာရင်းဝင်ငှက်မျိုးစိတ်များလည်း ကျရောက် ကျက်စားနေသည်ကို တွေ့ရှိရကြောင်း အဆိုပါ ကျုံကပြင်-တက်ဆိပ်ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့၏ ဖော်ပြချက်အရ သိရသည်။
ထို့ပြင် နှစ်စဉ် အသိုက်ဆောက်၍ သားပေါက်လေ့ရှိသော ငှက်မျိုးစိတ်များမှာ တင်ကျီးငှက်၊ ဗျိုင်းမျိုးစိတ်များ၊ ဗောင်တုတ်ငှက်၊ ရေကြက်မ၊ ကြိုး ကြာခေါင်းနီ (Sarus Crane)၊ ပိန်ညင်းမျိုးစိတ်များ၊ ရွှေပြည်စိုး၊ ကျီးကန်း၊ ဝတ်ရည်စုပ် နှင့် ပန်းရည်စုပ်မျိုးစိတ်များ၊ စာဘူးတောင်းမျိုးစိတ်များ၊ စာပတီးမျိုးစိတ်များ၊ စာကလေးမျိုးစိတ်များ၊ သပိတ်လွယ်ငှက်၊ ဗွတ်ကလုံမျိုးစိတ်များ၊ ကိုင်းစွေ့ (Jerdon’s Babbler) နှင့် ငှက်လက်မမျိုးစိတ်များကို တစ်နှစ်ပတ်လုံး တွေ့ရှိနိုင်ကြောင်း သိရသည်။
အလားတူ မိုးရာသီတွင် သားပေါက်ရန် ကျက်စားလေ့ရှိသော ဥဩငှက်မျိုးစိတ်များနှင့် ဆောင်းခိုရန်ရောက်ရှိလာကြသော ဒေါင်းလန်းခြေထောက်၊ ရေညှောင့်ငှက်မျိုးစိတ်များ၊ စွန် နှင့် သိမ်းငှက်များ၊ မြီးညှောင့်ငှက်များ၊ စာဝါကျား စသည်တို့ကိုလည်း တွေ့ရှိနိုင်ကြောင်း သိရသည်။
အဆိုပါအဖွဲ့အနေဖြင့် ၂၀၁၈ ခုနှစ်မှစတင်ကာ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရေ နှင့် သဘာဝသယံဇာတကို စီမံဆောင်ရွက်ပေးခြင်း နှင့် ထိန်းညှိပေးခြင်း၊ ဒေသ၏ ယဉ်ကျေးမှု နှင့် သဘာဝအလှကို ထိန်းသိမ်းပေးခြင်းအပြင် ရှားပါးတိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းများလည်း ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စမ်းချောင်းမြို့နယ်တွင် အိမ်စီးကားတစ်စီး အရှိန်လွန်၍ လမ်းအလယ်သစ်ပင်ကိုဝင်တိုက်မိရာ ယာဉ်မောင်းအမျိုးသား ထိခိုက်ဒဏ်ရာရ
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ