ထိုင်ဝမ်နဲ့စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတာတွေ ရပ်တန့်ဖို့ အမေရိကန်ကို တရုတ်စစ်ဘက်တောင်းဆို
Pika (NSS) - ဩဂုတ် ၃၁
အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏အကျိုးစီးပွားကို လေးစားလိုက်နာကာ ထိုင်ဝမ်စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်နေခြင်းကို ရပ်တန့်ရမည်ဖြစ်ကြောင်း တရုတ်ဗဟိုစစ်ကော်မရှင်ဒုဥက္ကဋ္ဌ Zhang Youxia ကပြောကြားခဲ့သည်။
ထို့ပြင် ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံအတွက် အရေးကြီးကြောင်းလည်း Zhang Youxia ကပြောကြားခဲ့သည်။ ဩဂုတ်လ(၂၉)ရက်နေ့က အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီအကြံပေး ဂျိတ်ဆူလီဗန်နှင့် ဘေဂျင်းမြို့တွင် တွေ့ဆုံစဉ်အချိန်အတွင်း Zhang Youxia က ယခုကဲ့သို့ တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Zhang Youxia က 'အမေရိကန်ဟာ ထိုင်ဝမ်နဲ့စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတာတွေအပြင် တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး သတင်းမှားတွေဖြန့်နေတာကို ရပ်တန့်ရပါမယ်'ဟုတောင်းဆိုခဲ့သည်။
တရုတ်အစိုးရက ၎င်း၏ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားသည့် ထိုင်ဝမ်ကျွန်းနှင့်ပတ်သက်သည့်အရေးမှာ အမေရိကန်ဘက်က ဖြတ်ကျော်၍မရသော အနီရောင်မျဉ်းတစ်ကြောင်းဖြစ်ကြောင်းလည်း Zhang Youxiaကပြောကြားခဲ့သည်။ တရုတ်နိုင်ငံက ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အမြဲကြိုးပမ်းနေသော်လည်း ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးနှင့်ခွဲထုတ်ရန်ကြိုးပမ်းမှုများရှိလာမည်ဆိုပါက ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ဆက်လက်ထိန်းသိမ်းနိုင်မည်မဟုတ်ကြောင်းလည်း Zhang Youxia က သတိပေးပြောဆိုခဲ့သည်။
၎င်းက 'တရုတ်စစ်တပ်ရဲ့ အဓိကတာဝန်ဟာ ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံတဲ့လူတွေကို ဆန့်ကျင်ဖို့နဲ့ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးကို မြှင့်တင်ဖို့ဖြစ်ပါတယ်။ ခွဲထွက်ရေးအင်အားစုတွေရဲ့ လှုံ့ဆော်မှုတွေကို တွန်း လှန်ဖို့က ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်'ဟု ပြောဆိုခဲ့သည်။ ထို့ပြင် အမေရိကန်အနေဖြင့် တရုတ်နိုင်ငံအပေါ် ၎င်း၏မဟာဗျူဟာမြောက်သဘော ထားအမြင်များကို မှန်ကန်အောင် ပြုပြင်ရန်၊ တရုတ်နိုင်ငံ၏ အကျိုးစီးပွားကိုလိုက်နာရန် နှင့် နှစ်နိုင်ငံစစ်တပ်ကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် လုပ်ဆောင်သင့်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာပေါ်မှာ အမေရိကန်ဟာ ဒီဂျစ်တယ်ငွေကြေးမြို့တော် ဖြစ်လာလိမ့်မယ်လို့ ရီပတ်ဘလစ်ကန်သမ္မတလောင်းဒေါ်နယ်ထရမ့် ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ