စနစ်ဟောင်း ဒသမတန်း ကျရှုံးသူများပါ ဖြေဆိုနိုင်မည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို စတင်ရောင်းပေးတော့မည်ဖြစ်ရာ ယမန်နှစ်ထက် စိတ်ဝင်စားသူများဖွယ်ရှိ
ယွန်း (NSS) - ဩဂုတ် ၂၄
စနစ်ဟောင်းဒသမတန်း ကျရှုံးသူများပါ ဖြေဆိုနိုင်မည့် ၂၀၂၅ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို စတင်ရောင်းပေးတော့မည်ဖြစ်ရာ ယမန်နှစ်ထက် စိတ်ဝင်စားသူများဖွယ်ရှိကြောင်း ပညာရေးအသိုင်း အဝိုင်းထံ NSS က ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
တက္ကသိုလ်ဝင်တန်းနှင့်ပတ်သက်၍ နိုင်ငံရေးဖြစ်စဥ်များအပြီးတွင် ဖြေဆိုသူလျော့သွားခဲ့သော်လည်း ယခုနောက်ပိုင်းတွင် စိတ်ဝင်စားသူပြန်လည်မြင့်တက်လာကြောင်းသိရကာ တက္ကသိုလ်များတွင်လည်း ကျောင်းနှင့်ကင်းကွာနေသော ကျောင်းသားများ ပြန်လည်စာရင်းပေးသွင်းသင်ကြားခြင်းများ ရှိနေကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ တစ်စောင်လျှင် ငွေကျပ် (၂၀၀) နှင့် စာမေးပွဲဝင်ကြေးအတွက် ငွေကျပ်(၇၀၀)တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန၊ ငွေသွင်းတံဆိပ်ခေါင်းများကို စက်တင်ဘာလ (၁)ရက်နေ့မှစတင်ကာ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။
စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းရာတွင် STEAMS (1), (2) ဖြေဆိုမည့်သူများအတွက် အစိမ်းရောင်ဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံ ဖြင့်လည်းကောင်း၊ STAMS ဖြေဆိုမည့်သူများအတွက် ပန်းရောင်ဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထား ကြောင်း သိရသည်။
ထို့ပြင် စနစ်ဟောင်း နဝမတန်း(Grade-10) အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့သူများနှင့် စနစ်ဟောင်း ဒသမတန်း (Grade-11) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများနှင့် စနစ်သစ် ဒွါဒသမတန်း(Grade-12) စာမေးပွဲ ကျရှုံးသူများကိုလည်း ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပေးမည်ဟု စာစစ်ဦးစီးဌာနက အသိပေးထားသည်။
“စိတ်ဝင်စားမှုကတော့ ရာခိုင်နှုန်းတစ်ခုတော့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ ယှဥ်ကြည့်ရင်တော့ ဒီနှစ်က စိတ်ဝင်စားတဲ့သူပိုများတယ်လို့ သုံးသပ်လို့ရတယ်။ များတယ်ဆိုပေမယ့်လည်း ကျန်ခဲ့တဲ့လူဦးရေ အနည်းအများပေါ်မှာမူတည်ပြီးတော့ ကွဲတာတော့ရှိတယ်။ ဖောင်တင်တဲ့အခါမှပဲ အရေအတွက်ကတော့ သေချာသိရမှာပေါ့”ဟု အထက်တန်းပြဆရာမတစ်ဦးက ပြောသည်။
ပြင်ပဖြေဆိုမည့်သူများအနေဖြင့် ဘာသာတွဲ(၃)ခုဖြစ်သော STEAMS–1, STEAMS–2, STAMS တို့အနက်မှ ဘာသာတွဲ(၁)ခုကို ရွေးချယ်ဖြေဆိုရမည် ဖြစ်ကြောင်း စာစစ်ဦးစီးဌာနက ဆိုထားသည်။
ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများ၌ စာမေးပွဲဝင်ကြေး (၇၀၀)ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူကာ ဝင်ခွင့်လျှောက်လွှာတွင်ကပ်၍ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံး၌ စက်တင်ဘာလ(၁)ရက်မှ စက်တင်ဘာလ(၃၀)ရက်အတွင်း တင်သွင်းရမည်ဖြစ်သည်။
ထို့ပြင် အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှဖြေဆိုရန် လျှောက် လွှာ တင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ၏လျှောက်လွှာများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ သတ်မှတ်ရက်အမီ တင်သွင်းရမည်ဟု အသိပေးထားသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို သတ်မှတ်ရက်များအတွင်း အချိန်မီပေးပို့ခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲဖြေဆိုခွင့် ရရှိမည်မဟုတ်ကြောင်းလည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားသည်။
နိုင်ငံရေးဖြစ်စဥ်များအပြီးတွင် ခြိမ်းခြောက်မှုများကြောင့် စာသင်ခန်းကို ကျောခိုင်းခဲ့ရသော ကျောင်းသားအရွယ်လူငယ်များသည် ပညာဆက်လက်သင် ကြားရန် စိတ်အားထက်သန်လာခဲ့ကြသည်။
“အိမ်ကမောင်လေးဆို အစကကျောင်းမတက်ချင်ဘူး။ အသက်ကကြီးပြီး အတန်းကငယ်နေတာလေ။ တော်တော်လေးကို ပြောယူလိုက်ရတယ်။ ဒါပေမဲ့ အခုတော့ သူကျောင်းမှာပျော်နေပါပြီ။ ပညာဆက်သင်ပြီးတော့ မြင့်မားတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခု ရွေးချယ်မယ်ဆိုတဲ့ သူ့အိပ် မက်ကလေးလည်း ပြန်အကောင်အထည်ပေါ်သွားတာပေါ့” ဟု ရန်ကုန်မြို့တွင် နေထိုင်သူ အသက်(၃၀)အရွယ် အိမ်ရှင်မတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန်မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ ဖြေဆိုခွင့်မရသည့်ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများလည်းရှိခဲ့ရာ ၎င်းတို့ကို သတ်မှတ်ထားသည့် အခြေခံပညာ ကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသားကျောင်း သူများကို စုစည်းခေါ်ယူကာ စာမေးပွဲဖြေဆိုမှုများ ပြုလုပ်ခဲ့ရခြင်းများလည်း ရှိခဲ့သည်။
“Facebook မှာတင်နေကြတာတွေ့တယ်။ လားရှိုးတက္ကသိုလ်ပိတ်သွားတော့ တောင်ကြီးတက္ကသိုလ်ကို ပြောင်းရွှေ့တက်ရောက်လို့ရမလားလို့ ကျောင်းသူ / သားတွေက မေးနေကြတာမျိုးတွေ တွေ့နေရတယ်။ တကယ်လည်း ဝင်ခွင့်ရကြပါတယ်။ သူတို့ပညာဆက်လက်သင်ယူနေကြတယ်” ဟု ပညာရေးအသိုင်း အဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူဦးရေ ၁၂၈,၆၃၅ ဦးရှိခဲ့ပြီး ၇၄,၅၉၂ ဦးအောင်မြင်ခဲ့သည့်အတွက် ၅၇ ဒသမ ၉၀ ရာခိုင်နှုန်း အောင်မြင်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိတ္ထီလာမြို့တွင် တစ်လလျှင်(၁၀)ကြိမ်ထက်မနည်း ဆိုင်ကယ် ခိုးယူ၊ လုယက်ခံရခြင်းများ ဖြစ်ပေါ်နေ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း