အောင်လောင်ငှက်များမှာ မြင်တွေ့ရနည်းလာနေသည့်အတွက် ထိန်းသိမ်းရန် လိုအပ်နေ
စော (NSS) - ဩဂုတ် ၂၃
အောင်လောင်ငှက်များမှာ မြင်တွေ့ရ နည်းပါးလာနေသည့်အတွက် ထိန်းသိမ်းရန် လိုအပ်နေကြောင်း Native Species Conservation & Identification(NSIC) အဖွဲ့၏ အချက်အလက်များအရ သိရသည်။
အောင်လောင်ငှက်(သို့) ယောင်ယင်ငှက်များကို မျိုးတုံးမည့်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်အဖြစ် အပြည် ပြည်ဆိုင်ရာသဘာဝထိန်းသိမ်းရေးအဖွဲ့(IUCN)တွင် သတ်မှတ်ထားသည်။ အဆိုပါငှက်ကို ခြိမ်းခြောက်နေသော အန္တရာယ်များမှာ သစ်တောပြုန်းတီးမှုအပြင် တရားမဝင်ရောင်း ဝယ်ဖောက်ကားမှုများကြောင့် အချို့ဒေသများတွင် အကောင်အရေအတွက် လျော့ကျလာကြောင်း သိရသည်။
‘‘အဓိကကတော့ တရားမဝင်ရောင်းဝယ် ဖောက်ကားနေမှုတွေကို အရင်ထိန်းရင်တော့ရပြီ။ အောင်လောင် ငှက်ကို ချက်စားတာ ရှိတော့ရှိတယ်။ ဒါပေမဲ့ အရမ်းကြီးမများဘူး။ တောရွာတွေလောက်ပဲ စားကြတာ။ အဓိကကတော့ သူတို့ကိုဖမ်းပြီး မွေးတယ်။ တချို့ကျတော့လည်း ပြည်တွင်းမှာလည်း ရောင်းဝယ်နေကြတာလည်းရှိသလို၊ နိုင်ငံခြားကို ပို့တာလည်းရှိတယ်။ နိုင်ငံခြားကို အထီး၊ အမအစုံတွေ၊ တချို့ကျတော့လည်း အထီးသတ်သတ်၊ အမသတ်သတ်ပို့တာ တွေရှိတယ်။ တချို့ကျတော့လည်း အကောင်ပေါက်လေးတွေကို အသိုက်ကနေ ဖမ်းလာတယ်။ ပြီးရင် သူတို့ကအိမ်မှာ မွေးတယ်။ အကောင်ကြီးပြီ၊ အရွယ်ရောက်ပြီ ရောင်းလို့ရပြီဆိုတဲ့အခါမှရောင်းတယ်။ တရားမဝင်ကုန်သွယ်တာကိုပဲ တားရင်ရပြီ။ သူတို့ဥပေါက်တဲ့ရာသီတွေမှာ တရားဥပဒေနဲ့တင်းတင်းကြပ်ကြပ်ကာကွယ်ထားရင် ပိုကောင်းတယ်’’ဟု ရှားပါးသတ္တဝါများ ထိန်းသိမ်း ရေးနှင့်ပတ်သက်၍ တက်ကြွလှုပ်ရှားသူတစ်ဦးက NSS ကို ပြောသည်။
အောင်လောင်ငှက်များကို မြန်မာနိုင်ငံအနှံ့အပြားတွင်တွေ့နိုင်ပြီး အထူး သဖြင့် မြန်မာနိုင်ငံအောက်ပိုင်းနှင့် အမြဲစိမ်းသစ်တောများတွင် အများဆုံးတွေ့ရနိုင်ကြောင်း သိရသည်။ ‘‘သူတို့က ဟိုးအရင်ကတည်းက ပေါတဲ့အထဲမပါဘူး။ ဒါပေမဲ့ အခုနောက်ပိုင်းကျတော့ အောင်လောင်ငှက် တွေကို အလှမွေးကြတယ်ပေါ့။ အခုဆိုရင် တစ်ချို့စားသောက်ဆိုင်တွေ၊ ဘာတွေမှာလည်း view ပုံစံတွေ၊ ဘာတွေ လုပ်ပြီးတော့ ငှက်တွေကို ဖမ်းမွေးတာတွေ၊ ပြစားတာတွေ ရှိတယ်။ အဲဒီလိုတွေကြောင့် ပိုပြီးတော့ အသက်ရှင်ဖို့ ခဲယဉ်းလာတယ်။ အရမ်းကြီးရှားပါးနေတဲ့ပုံစံမျိုးဖြစ်နေတာတော့ မဟုတ်ဘူး။ ရှိတော့ရှိတယ်။ ဒါပေမဲ့လည်း အရင်လို မျိုး ပေါပေါများများမတွေ့ရတော့ဘူး။ သူတို့ရဲ့ နေထိုင်မှုကလည်း သိုသိပ်တယ်ပေါ့။ သိုသိပ်ပေမယ့် သားပေါက်တဲ့ အချိန်မှာ သူတို့ရဲ့အသိုက်ကို နှိုက်ပြီးတော့ အကောင်ပေါက်လေးတွေဖမ်းပြီးတော့ ရောင်းတာတွေရှိတယ်။ အခုနောက် ပိုင်းတော့ သူတို့မျိုးဆက်ကလည်း အရင်လိုမျိုး အကောင်အရေ အတွက်အများကြီး မပွားတော့ဘူး။ အကောင်ပေါက် လေးတွေ ခဏခဏအဖမ်းခံနေရတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါငှက်များသည် အဓိကအားဖြင့် အသီး များကို စားလေ့ရှိသော်လည်း ရံဖန်ရံခါတွင် တောလုံငှက်၊ ဇီးကွက် ဗိုက်ကွက်ငှက်၊ ငူငှက်အပြင် နို့တိုက်သတ္တဝါငယ်များနှင့် တွားသွားသတ္တဝါငယ်များကိုလည်း စားသုံးတတ်သဖြင့် ၎င်းတို့၏နှုတ်သီးနှင့် ဖမ်းမိသော သားကောင်ကို လေပေါ်မြှောက်ကာ စားသောက်တတ်သော အမူအကျင့်ရှိကြောင်း သိရ သည်။ ထို့ပြင် သစ်ခေါက်များကိုလည်းနှုတ်သီးဖြင့် ခွာကာ အင်းဆက်ပိုးကောင်များကိုရှာစားတတ် ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီအိုးကြီး တနင်္သာရီကို အလှဖျက်ခဲ့ကြသူများ(အပိုင်း-၂)
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ