မြန်မာ့သမိုင်းအယူအဆများကို ကျောင်းသုံးစာအုပ်များတွင် ပြန်လည်ထည့်သွင်းကာ အသစ်ပြင်ဆင်နေ
ယွန်း (NSS) - ဩဂုတ် ၁၅
မြန်မာ့သမိုင်းအယူအဆများကို ကျောင်းသုံးစာအုပ်များတွင် ပြန်လည်ထည့်သွင်းကာ အသစ်ပြင်ဆင်နေကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ယခုရက်ပိုင်းတွင် အမျိုးသားပြတိုက်(ရန်ကုန်)၌ ကျင်းပခဲ့သည့် ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။
ကျောင်းသားလူငယ်များအနေဖြင့် အစဉ်အလာကောင်းသည့် မြန်မာ့သမိုင်းကို ပြည့်စုံစွာအမှန်အတိုင်း သိရှိနိုင်ရေးအတွက် ကျောင်းသုံးစာအုပ်များ၌ မပြည့်စုံသေးသော မြန်မာ့သမိုင်းဆိုင်ရာအမှားများ၊ လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်ဖြည့်စွက်ပေးရန် ပြည် ထောင်စုဝန်ကြီးက အသိပေးပြောကြားသည်။
ထို့ပြင် မြန်မာ့သမိုင်း၌ ယခင်ကတည်းကရှိခဲ့သော မြန်မာအစတကောင်းကဆိုသော အယူအဆ၊ ပျူခေတ်နှင့်ပုဂံခေတ် တစ်ဆက်တည်းရှိခဲ့သည်ဟူ သော အယူအဆကဲ့သို့ စစ်မှန်သည့် မြန်မာ့သမိုင်းအယူအဆများကို ကျောင်းသုံးစာအုပ်များတွင် ပြန်လည်ထည့်သွင်းကာ အသစ်ပြင်ဆင်သွားရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြင်ဆင်မှုများကို ဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် မြန်မာ့သမိုင်းအဖွဲ့ ဖွဲ့စည်း၍ သမိုင်းကြောင်းဆိုင်ရာများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
‘အခုက ပညာရေးကာလက ကျောင်းတက်ရာသီ အသစ်မဟုတ်သေးတော့ ပြင်ဆင်လို့မရသေးဘူး။ ပြင်ဆင်ပြီး တော့ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးဆောင်ရွက်မယ်။ သမိုင်းဆိုင်ရာအချက်အလက်တွေ ကိုပြုစုမယ်။ ကျောင်း သား၊ ကျောင်းသူတွေကနေပြီးတော့ မြန်မာ့သမိုင်းနဲ့ပတ်သက်ပြီး မျိုးချစ်စိတ်ဓာတ်တွေ၊ မြန်မာအစတွေကိုသိအောင် ပြဋ္ဌာန်းပြီးတော့ အဆင့်ဆင့်ဆောင်ရွက်သွားမှာပေါ့။ ယဉ်ကျေးမှုဝန်ကြီးဌာနမှာ သမိုင်းသုတေသနနဲ့ အမျိုးသားစာ ကြည့်တိုက် ဦးစီးဌာနဆိုတာရှိတယ်။ သမိုင်းကြောင်းနဲ့ပတ်သက်ပြီး အဲဒီဦးစီးဌာနကနေ လုပ်ငန်းတာဝန် တစ်ရပ် အနေနဲ့ ဆောင်ရွက်နေတာတွေရှိတယ်။ ပညာရေးဆိုင်ရာ ကိစ္စဖြစ်တဲ့အတွက် မြန်မာ့သမိုင်းဆိုင်ရာအချက်အလက်တွေကို ပညာရေးဝန်ကြီးဌာနတွေက ကျောင်းသုံးစာအုပ်တွေကို အတည်ပြုတာလေ။ ပူးပေါင်းဆောင်ရွက်ရမယ့် အပိုင်းတွေရှိတယ်။ ပြင်ဆင်လျက်ရှိပါတယ်’ ဟု သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအာကာကျော်က NSS ကို ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန မြန်မာသမိုင်းအဖွဲ့က ရေးသားပြုစုလျက်ရှိရာ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် ဆက်စပ်လျက်ရှိသည့် လူဆင့်ကဲဖြစ်စဉ်ကာလ သမိုင်းစဉ်၊ ကျောက်ခေတ်ကာလ သမိုင်းစဉ်၊ ကြေးခေတ်၊ သံခေတ်ကာလသမိုင်းစဉ်၊ သမိုင်းတင်ခေတ် ဦးပိုင်း၊ပျူခေတ်ကာလသမိုင်းစဉ်တို့နှင့်ပတ်သက်၍ မူကြမ်းပြုစုရေးသားပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငွေကြေးဖောင်းပွမှုနှုန်းကို လျော့ကျစေရန်အတွက် ဗဟိုဘဏ်မှအတိုးနှုန်းများ ပြင်ဆင်သတ်မှတ်
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း