ပါလက်စတိုင်းအား ဆက်လက်ထောက်ပံ့သွားမည်ဟု ရုရှားသမ္မတ ထပ်လောင်း ကတိပြု
ALynn (NSS) - ဩဂုတ် ၁၄
မော်စကိုသည် အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခများအပါအဝင် ပဋိပက္ခအားလုံးကို ငြိမ်းချမ်းစွာဖြေရှင်းရန် ရပ်တည်လျက်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်္ဂါနေ့ (ဩဂုတ်လ ၁၃ ရက်)တွင် မော်စကို၌ သုံးရက်ကြာလာရောက်လည်ပတ်နေသော ပါလက်စတိုင်းအာဏာပိုင် သမ္မတ Mahmoud Abbas နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
ရုရှား၏ “အာရပ်ကမ္ဘာ အထူးသဖြင့် ပါလက်စတိုင်းနှင့် ကာလကြာရှည်စွာ အမြစ်တွယ်နေသော ဆက်ဆံရေး”ကို ရုရှားသမ္မတပူတင်က ချီးကျူး ပြောဆိုခဲ့ပြီး ပါလက်စတိုင်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတစ်ခု ဖြစ်ပေါ်နေသည့်အတွက် အလွန်စိုးရိမ်ပူပန်နေပါတယ်”ဟု ပူတင်က ပြောကြားခဲ့သည်။
ရုရှားခေါင်းဆောင်၏ ပြောကြားချက်အရ ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခ၏ အကြောင်းအရင်းခံ သည် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးနှင့်ပတ်သက်၍ နိုင်ငံတကာ ဆုံးဖြတ်ချက်များကို လျစ်လျူရှုထားခြင်း၏ အကျိုးဆက် ဖြစ်ကြောင်း သိရသည်။
အရပ်သားအများစုဖြစ်သော အမျိုးသမီးများနှင့် ကလေးသူငယ်များ အစုလိုက်အပြုံလိုက် ဆုံးရှုံးမှုများကြောင့် ဂါဇာရှိအခြေအနေသည် အလွန်စိုးရိမ်စရာဖြစ်ကြောင်း ရုရှားသမ္မတက ပြောကြားခဲ့သည်။ ကုလသမဂ္ဂ၏ အဆိုအရ သေဆုံးသူ ဦးရေသည် လူ ၄၀,၀၀၀ နီးပါး ရှိလာပြီဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။“ပါလက်စတိုင်းပြည်သူတွေကို ထောက်ပံ့ဖို့ ကျွန်တော်တို့ တတ်နိုင်သမျှ လုပ်နေပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတန်ချိန် ၇၀၀ ခန့်ကို ကျွန်ုပ်တို့ ပေးပို့ထားပြီးဖြစ်ပါတယ်”ဟု ပူတင်က ဖော်ပြခဲ့သည်။
Abbas က ရုရှားအစိုးရနဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြောကြားပြီး “ရုရှားဟာ ပါလက်စတိုင်း ပြည်သူတွေရဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေထဲက တစ်ယောက်လို့ ခံစားမိပါကြောင်း”ဖော်ပြခဲ့သည်။ ၁၉၄၇ ခုနှစ်မှစ၍ ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့က ဆုံးဖြတ်ချက်ပေါင်း ၁၀၀၀ ကျော်ကို အတည်ပြုခဲ့ကြောင်း ၎င်းက ထောက်ပြသည်။
“တကယ်လို့ ဆုံးဖြတ်ချက်တစ်ခုသာ အကောင်အထည်ဖော်မယ်ဆိုရင် ပါလက်စတိုင်း ပြည်သူတွေရဲ့ အခွင့်အရေးတွေကို သေချာပေါက် ကူညီပေးနိုင်မှာပါ” ဟု Abbas က ပြောကြားပြီး အမေရိကန်၏ ဖိအားပေးမှုကြောင့် ယင်းမစ်ရှင်မှာ မအောင်မြင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိတွင် ပါလက်စတိုင်းနိုင်ငံကို ကုလသမဂ္ဂအဖွဲ့ဝင် ၁၄၆ နိုင်ငံက အသိအမှတ်ပြုထားပြီး G20 အဖွဲ့ဝင် ထက်ဝက်ဖြစ်သော တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မက္ကဆီကို၊ ဘရာဇီး၊ တောင်အာဖရိကနှင့် တူကီယဲတို့ပါဝင်သည်။ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက အပြည့်အဝ လည်ပတ်နိုင်သော ပါလက်စတိုင်းနိုင်ငံကို ထူထောင်ခွင့်မပြုဟု ကတိပြုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိမ်နီးနားချင်းနိုင်ငံပထမမူဝါဒ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ