မြို့ကြီးများတွင် စက်သုံးဆီရရှိရေး တန်းစီတိုးဝှေ့ဝယ်ယူနေရပြီး ဈေးနှုန်းလည်းအနည်းငယ်မြင့်တက်လာ
ပုံစာ - မန္တလေး၌ ဆီတန်းစီနေသည့် ကားများကို တွေ့ရစဥ်
သန့်ဇင် (NSS) - ဩဂုတ် ၃
မြို့ကြီးများတွင် စက်သုံးဆီရရှိရေး တန်းစီတိုးဝှေ့ဝယ်ယူနေရပြီး ဈေးနှုန်းလည်းအနည်းငယ်မြင့်တက်လာကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေးအတွက် သိုလှောင်ဖြန့်ဖြူးလျက်ရှိသည့်အပြင် ပြည်ပမှစက်သုံးဆီတင်သင်္ဘောများဝင်ရောက်ရန် ဆောင်ရွက်ထားခြင်းကြောင့် စက်သုံးဆီပြတ်လပ်မှုမရှိနိုင်ကြောင်း ဩဂုတ်လ ၁ ရက်တွင် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ဖူးသည်။
“လွန်ခဲ့တဲ့ ၂ ရက်လောက်တည်းက တန်းစီဝယ်နေရတာ။ အဲဒီမှာ ပတ်ရှာတော့ ဆိုင်တွေတော်တော်များများက ဒီဇယ်လည်းကုန်နေတယ်။ ဓာတ်ဆီလည်းကုန်တယ်။ ပိတ်ထားတာများတာပေါ့နော်။ အဲဒါနဲ့ ကျွန်တော်တို့ရှိတဲ့ဆိုင်သွားတော့လည်းပဲ တန်းစီရတာနဲ့တင် တော်တော်ကို တန်းစီရတယ်။ CNG gas သမားတွေတန်းစီတာကမှမြန်သေးတယ်။ ကျွန်တော်တို့တန်းစီရတာတော်တော်ကိုကြာတယ်။ မြန်တဲ့ဆိုင်မှာတန်းစီတာတောင် ကျွန်တော်တို့ (၂)နာရီကျော်လောက်တန်းစီရတယ်။ ဒီနေ့လည်း ဆိုင်တွေ တော်တော်များများ ပိတ်ထားတယ်”ဟု ရန်ကုန်မြို့ရှိ တက္ကစီယာဉ်မောင်းတစ်ဦးက NP News သို့ပြောသည်။
ထို့ပြင် မန္တလေးမြို့တွင်လည်း စက်သုံးဆီကို မြို့ခံပြည်သူအများစု တန်စီတိုးဝှေ့ဝယ်ယူနေကြရကြောင်း မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။
“မန္တလေးမှာတော့မနေ့ကစဖြစ်တာ။ ဝယ်လို့မရတာတွေလည်းရှိရင်လည်းရှိမယ်။ အစ်မအိမ်ကနေဆို (၅)မိနစ်သာသာလောက် သွားရတယ်။ အဲလောက်ထိကို တန်းစီစောင့်နေကြတာ။ အဲဒါတောင်မနက်(၆)နာရီပဲရှိသေးတယ်။ အဲဒီမှာ နေ့ခင်းထိ ဆီတန်းစီနေတာ တစ်ပြလောက်ထိရှိသေးတယ်။ တန်းစီနေကြရတာ။ ဒီနေ့မှာတော့ BOCမှာ မနေ့ကထိတော့မများတော့ တစ်ပြလောက်တော့ရှိတယ် တန်းစီနေကြတာ။ ဆိုင်ကယ်တွေကနော့ (၂)ပြလောက်ထိရှိတယ်”ဟု မန္တလေးဒေသခံတစ်ဦးက ပြောသည်။
အလားတူ ပြည်မြို့တွင်လည်း တန်းစီဝယ်ယူနေရကာ ပြင်ပပေါက်ဈေးကြီးမြင့်မှုများလည်းရှိကြောင်း သိရသည်။
“မနေ့ကဆို ဝယ်လို့တောင်မရဘူး။ ဒီနေ့လည်းတန်းစီရမှာ ကားတန်းကြီးကရှည်လို့ပြန်လာတာ။ အဲဒါတောင် PT Power တစ်ခုပဲရတာ”ဟု ပြည်မြို့ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်က စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ၂၆၃၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၇၃၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂၃၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၇၇၀ ကျပ်ဖြစ်ခဲ့ရာမှ ဩဂုတ် (၃) ရက်တွင် ၉၂ တစ်လီတာလျှင် ၂၇၇၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၈၉၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၄ ၅၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၉၂၀ ကျပ်ဖြစ်ကာ ယခုရက်ပိုင်းတွင် ဈေးအနည်းငယ်မြင့်တက်လာသည်ကိုတွေ့မြင်ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘောဒီးယား နှင့် မြန်မာနိုင်ငံကြား အပြန်အလှန်ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာရန် မျှော်လင့်နေဟု မြန်မာအစိုးရပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ