“သွေးလွန်တုပ်ကွေးအန္တရာယ်ကနေ ကလေးငယ်တွေကို ကာကွယ်ပါ ’’ (အင်တာဗျူး)
သန့်ဇင် (NSS) - ဇူလိုင် ၂ဝ
လက်ရှိတွင် မိုးတွင်းကာလသို့ရောက်ရှိလာပြီဖြစ်ရာ ကလေးငယ်များအတွက် သွေးလွန်တုပ်ကွေးရောဂါသည် လည်း အဓိကထား ဂရုစိုက်ရမည့် ရောဂါတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း သွေးလွန် တုပ်ကွေးဖြစ်ပွားသူ(၁၆၀ဝဝ)ကျော်ရှိခဲ့ပြီး ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်(၅)ခု၌ အများဆုံးဖြစ် ပွားခဲ့ကြောင်းသိရ သည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ကာကွယ်ရေးနှင့်အပူပိုင်းဆေးပညာ (Master of Preventive and Tropical Medicine) အထူးကုသမားတော် ဒေါက်တာ ပြည့်ထူးအား The Statesman ဂျာနယ်က မေးမြန်းထားသည်ကို NSS က မူရင်းအတိုင်း ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး-သွေးလွန်တုပ်ကွေးက ဘယ်လိုရာသီမျိုးတွေမှာ အဖြစ်များလဲဆရာ။
ဖြေ-သွေးလွန်တုပ်ကွေးက စိုထိုင်းဆများတဲ့ရာသီပေါ့။ အလွယ်ပြောရရင် မိုးရာသီပေါ့။ အဲဒီလိုရာသီမှာအဖြစ်များတယ်။ အဓိကက ခြင်ပေါက်ဖွားမှုများတဲ့ ရာသီတွေမှာအဖြစ်များပါတယ်။ မိုးရာသီဖြစ်ဖြစ် နွေရာသီဖြစ်ဖြစ် သွေးလွန်တုပ် ကွေးက ဖြစ်နိုင်ပေမယ့် ခြင်ပေါက်ဖွားနိုင်တဲ့ ချုံတွေ၊ ကန်တွေ၊ ရေသိုလှောင်နိုင်တဲ့နေရာတွေမှာ လူတွေနေတယ်ဆိုရင် တော့ (၁၂)ရာသီဖြစ်နိုင်ပါတယ်။
မေး-သွေးလွန်တုပ်ကွေးရောဂါက ကလေးတွေမှာ အဖြစ်များတယ်ဆိုပေမယ့် လူကြီးတွေဆိုရင်ကော ဖြစ်နိုင်လား ဆရာ။
ဖြေ-သွေးလွန်တုပ်ကွေးက အဖြစ်များတာတော့က လေးတွေပေါ့နော်။ ဒါပေမဲ့ လူကြီးတွေမှာလည်း ဖြစ်နိုင်တာပေါ့နော်။ အဲဒီရောဂါက အသက်(၁၈)နှစ်အထိတော့တွေ့ရတယ်။ (၁၈)နှစ်အထက်မှာတော့ တွေ့ရတာသိပ်မရှိဘူးပေါ့။ မရှိဘူးလို့ တော့ မဟုတ်ဘူးပေါ့နော်။ (၁၈)နှစ်အထိတော့အဖြစ်များတယ်။ ကလေးတွေမှာ ပိုပြီးအဖြစ်များတာပေါ့။ ဆိုးဆိုးရွားရွား အဖြစ်များတာကတော့ အသက်(၁၀)နှစ်အောက်ကလေးတွေလို့ပြောလို့ရပါတယ်။
မေး-သွေးလွန်တုပ်ကွေးဖြစ်ရင် ဘယ်လိုအခြေအနေတွေမှာ သေဆုံးနိုင်ခြေရှိပါသလဲ။
ဖြေ- သွေးလွန်တုပ်ကွေးက အဓိကကတော့ virus တစ်မျိုးကြောင့်ဖြစ်တာပေါ့နော်။ သူရဲ့ဖြစ်ပွားပုံက ဘာလဲဆိုတော့ သွေးလွန်တုပ်ကွေး Virus ကို သယ်ဆောင်လာတဲ့ Aedes လို့ခေါ်တဲ့ ခြင်ကျားကနေ လူကိုကိုက်ပြီးတော့ကူးတယ်ပေါ့။ သို့ပေမယ့် ဒီပိုးက ဒုက္ခပေးတာမဟုတ်ဘူး။ ဒီပိုးက ခန္ဓာကိုယ်ထဲကိုဝင်သွားပြီး Immune system လို့ခေါ်တဲ့ ခန္ဓာကိုယ်က တိုက်ထုတ်တဲ့စနစ်က အဲဒီပိုးကိုတိုက်တယ်။ အဲဒီလို တိုက်တဲ့အချိန်မှာ နားလည်အောင်ပြောရရင် စစ်တလင်းဖြစ်သွား တယ်ပေါ့။ အဲဒီလိုနောက်ဆက်တွဲတွေဖြစ်တာ။ သွေးပေါင်တွေကျလာတယ်၊ ခန္ဓာကိုယ်တစ် လျှောက်လုံးမှာ သွေးယို စိမ့်မှုတွေဖြစ်တယ်ပေါ့နော်။ အဲဒီလိုတွေကနေဖြစ်တာဆိုတော့ ခုနပြောတဲ့ တိုက်ခိုက်မှုပြင်းထန်ရင်ပြင်းထန်သလောက် သေဆုံးနိုင်ခြေပိုများတယ်။ ဥပမာဒီနှစ်မှာ သွေးလွန်တုပ်ကွေး ပိုးကူးထားတဲ့လူတစ်ယောက်က နောက်နှစ်တစ်ခါ ထပ် ဖြစ်ရင် ဒီပိုးကိုတိုက်တာက ပိုပြီးတော့ပြင်းထန်သွားတယ်။ အဲဒီတော့ သွေးလွန်တုပ်ကွေးကို နားလည်အောင်ပြောရ မယ်ဆိုရင် ပထမတစ်ကြိမ်ဖြစ်ဖူး တဲ့လူတွေမှာထပ်ဖြစ်ရင် ပိုပြီးတော့ပြင်းထန်တယ်။ သေတဲ့အထိဖြစ်နိုင်တယ်။ နောက် တစ်ခုကတော့ သေဆုံးနိုင်ခြေက သွေးလွန်တုပ်ကွေးကို သတိမထားမိဘဲနဲ့ ဆေးကုသမှုကိုမခံယူတဲ့လူတွေမှာ သေဆုံး နိုင်ခြေရှိတယ်။ အဲဒီနှစ်ခုမှာတော့ အဖြစ်များတာ ကတော့ ဒုတိယတစ်ခုပေါ့။ ဘာဖြစ်လို့ဖြစ်မှန်းမသိဘူး ရမ်းကုနေတယ်၊ အဲဒီကနေမှ နောက်ကျတယ်ပေါ့နော်။ ဆေးရုံအရောက်နောက်ကျတယ်၊ ဆေးခန်းအရောက်နောက်ကျပေါ့နော်။ အဲဒီလို ကနေ သေဆုံးနိုင်တာပိုများတယ်။
မေး-သွေးလွန်တုပ်ကွေးရောဂါ စဖြစ်တဲ့လက္ခဏာ မျိုးတွေက ဘယ်လိုမျိုးတွေလဲဆရာ။
ဖြေ-သွေးလွန်တုပ်ကွေးက Virus ပဲ။ အဲဒီလိုဆိုတော့ ဖျားတာနဲ့စတာပေါ့။ သွေးလွန်တုပ်ကွေးပိုးသယ် ဆောင်လာတဲ့ ခြင်ကိုက်မယ်၊ အဲဒီလိုကိုက်ပြီးလို့(၂)ရက် (၃)ရက်လောက်အကြာမှာ ဖျားလာမယ်။ ဖျားလာတဲ့အချိန်မှာ သူများအဖျားနဲ့ မတူတာက ဖျားရင် နည်းနည်းမှိန်းချင်တယ်ပေါ့နော်။ ဒီလိုမျိုးတွေစဖြစ်မယ်။ ဒါကတော့ သွေးသွန်တုပ်ကွေးအဆင့် (၁)ပေါ့ နော်။ အဲဒီအချိန်မှာ Hess test လို့ခေါ်တယ်။ လက်မောင်းကိုသွေးပေါင်ချိန်နဲ့ပတ်ပြီး သွေးပေါင်ချိန် တိုင်းသလို ညှစ်ထားလိုက်ရင်ပေါ့။ အဲဒီလိုညှစ်ထားပြီး တော့ Pressure တစ်ခုမှာ ငါးမိနစ်လောက်ပတ်ထား လိုက်မယ်ဆိုရင် ခုနသွေးပေါင်ချိန်တဲ့ကိရိယာပတ်ထား တဲ့လက်ရဲ့အောက်ပေါ့နော်။ အဖျားဘက်မှာ အကွက်တွေအကွက်တွေ အစက် အပြောက်တွေပေါ်လာနိုင်တယ်။ ဒါဆိုရင်တော့ Hess test (+)ive လို့ခေါ်တာပေါ့။ အစက်လေးတွေ (၂၀)ကျော်ထက် ပိုပေါ်လာရင် ဒါသွေးလွန်တုပ်ကွေးရှိပြီလို့ပြောလို့ရတယ်။ ဒါအဆင့်(၁)ပေါ့။ သွေးလွန်တုပ်ကွေးက အဖျားနဲ့ပဲစမှာ။ ဒါပေမဲ့ သူ့မှာ ဘာအဆင့်တွေရှိလဲဆိုတာကို တစ်ခါတည်းဖြေပေးပါမယ်။
သူ့မှာ အဆင့်(၁)(၂)(၃)ဆိုပြီးရှိတယ်။ (၁)က သူ့မှာ အဖျားရှိမယ်။ Hess test (+)ive ဖြစ်မယ်။ အဲဒီနှစ်ခု ပေါင်းရင် အဲဒါအဆင့်(၁)ပေါ့။ အဆင့်(၂)ကကျတော့ ခန္ဓာကိုယ်ရဲ့အရေပြားနဲ့ Mucosa ရှိတဲ့နေရာမျိုးတွေ။ ဥပမာ ပါး စောင်လို၊ ခံတွင်းလို၊ သွားဖုံးလိုနေရာမျိုးတွေ နှာခေါင်းလိုဟာမျိုးတွေ အဲဒီလိုနေရာမျိုးတွေမှာပေါ့နော်။ အဲဒီနှစ်ခု အပေါ်မှာ သွေးထွက်တဲ့အဆင့်တွေဖြစ်လာတယ်။ အရေပြား ပေါ်မှာအစက်အပြောက်တွေပေါ်လာမယ်၊ နှာခေါင်းသွေး လျှံမယ်၊ သွားဖုံးသွေးယိုမယ်။ အဲဒီနောက် ကော်ဖီရောင်တွေအန်မယ်။ ဝမ်းအမည်းတွေသွားမယ်ပေါ့။ ဒီအဆင့်တွေ ဆိုရင်တော့သွေးလွန်တုပ်ကွေး အဆင့် (၂)လို့ပြောလို့ရမယ်။ ဒီအခြေအနေမှာဆို အန္တရာယ်ရှိသွားပြီ။ အဲဒီအချိန်မှာ ဆေးရုံ မြန်မြန်ရောက် အောင်သွားဖို့လိုတယ်။
အဲဒီလိုမှမဟုတ်ဆိုရင်တော့ အဆင့်(၃)ကိုပြောင်းသွားတယ်။ အဆင့်(၃)ကဘာလဲဆိုတော့ သွေးပေါင်ကျလာ မယ်။ ခြေဖျားလက်ဖျားတွေအေး လာမယ်။ နောက်ဆုံးအဆင့်(၄)ကတော့ Dengue Shock syndrome လို့ခေါ်တဲ့ ရှော့ရတဲ့အဆင့်ပေါ့။ သွေးပေါင်တောင်တိုင်းမရတော့တဲ့အခြေအနေ ဖြစ်သွားတယ်။ ဆီးလုံးဝမထွက်တော့ဘူး။ အဲဒီလို အဆင့်(၄)ရောက်ပြီးရင် သေဆုံးနိုင်တဲ့အဆင့်အထိဖြစ် သွားနိုင်ပါတယ်။
မေး-ဒီလိုမျိုး သွေးလွန်တုပ်ကွေးဖြစ်လာရင် ဘယ် လိုကုသမှုတွေလုပ်ဆောင်သင့်လဲဆရာ
ဖြေ-အဓိကကတော့ သွေးလွန်တုပ်ကွေးရောဂါကို ချက်ချင်းသိဖို့လိုတယ်။ ရာသီမရွေးဖြစ်နိုင်တယ်ဆိုပေမယ့် စောစော ကပြောသလို ခြင်ပေါက်ဖွားနှုန်း မြင့်မားတဲ့ မိုးတွင်းမှာအဖြစ်များနိုင်တယ်။ နွေရာသီမှာမဖြစ်နိုင်ဘူးလားဆိုတော့ မဟုတ် ဘူး၊ ဖြစ်နိုင်ပါတယ်။ အချိန်မရွေးဖြစ်နိုင်တယ်ဆိုပေမယ့်လို့ပေါ့နော်။ ခြင်ပေါက်ဖွားနှုန်းများတာက မိုးရာသီမှာများ တော့ အဖြစ်များနိုင်တာပေါ့။ ခြင်ပေါက်ဖွားမှုရှိတဲ့ ရေကန်၊ ရေတွင်းတွေနဲ့နီးတဲ့လူတွေမှာ ဖြစ်နိုင်တယ်ပေါ့နော်။ ခြောက်သွေ့ တဲ့ ဟင်းလင်းပြင် နွေရာသီလိုဟာ မျိုးမှာတော့ အဖြစ်နည်းတယ်ပေါ့။ စိုထိုင်းဆနဲ့ခြင် ပေါက်ဖွားမှုများတဲ့ မိုးဦးကာလ ပေါ့။
အခုလိုကာလတွေရောက်ပြီဆိုရင်တော့ သတိထားသင့်တယ်။ ကိုယ့်အိမ်မှာ ကလေးရှိတယ်ဆိုရင် မိုးဦးကာလ ဖျားနာတဲ့ ဒီသွေးလွန်တုပ်ကွေး ရောဂါကို ခေါင်းထဲမှာထည့်ထားသင့်တယ်။ ဒါက နံပါတ်(၁)ပေါ့နော်။ အဲဒါသိမှ ကျွန်တော်တို့က ရှေ့ဆက်လုပ်လို့ရမယ်။ သွေးလွန်တုပ်ကွေးဖြစ်နေမလား ဆိုတဲ့စိတ်ရှိနေရင် ကလေးကိုဆေးခန်းပြ ဖြစ်မယ်။ ဒါဆိုရင် စောစောစီးစီး သွေးလွန်တုပ်ကွေးကို သိမယ်ပေါ့။ ဒါကတစ်ပိုင်းပေါ့နော်။ နောက်တစ်ခုက ဖျားလာ တာအပြင် ကလေးကမှိန်းလာမယ်။ အစားသိပ်မဝင်ဘူး သွေးလွန်တုပ်ကွေးရဲ့လက္ခဏာတွေ အစက်အပြောက် တွေထွက်မယ်။ ရှေ့မှာပြောခဲ့သလို ကော်ဖီရောင်တွေအန်မယ်၊ နှာခေါင်းသွေးလျှံမယ်၊ သွားဖုံးကသွေးယိုတယ်။ ဒါဆိုရင်တော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဒါတွေအကုန်လုံးကို သွေးလွန်တုပ် ကွေးလို့ယူဆပြီး နီးစပ်ရာ ဆေးရုံ ဆေးခန်းကို သွားပြီးပြသင့်တယ်။ အဲဒီအဆင့်မှမသွားဖြစ်ဘူးဆိုရင် နောက်က ရှော့ဖြစ်တဲ့အဆင့်အထိရောက်နိုင်တယ် ပေါ့နော်။ အဲဒီတော့ ဘယ်လိုစပြီးသတိထားရမလဲ ဆိုရင်တော့ မိုးရာသီမှာဖျားရင် သွေးလွန်တုပ်ကွေး လို့ပဲသဘော ထားပြီး ဆေးရုံဆေးခန်းသွားလိုက်တာ အန္တရာယ်ကင်းမယ်လို့ ကျွန်တော်ကတော့မြင်ပါတယ်။
မေး-သွေးလွန်တုပ်ကွေးရောဂါဖြစ်ပြီးရင် နောက်ဆက်တွဲရောဂါတွေဖြစ်လာနိုင်ပါသလားဆရာ။
ဖြေ-အဓိကသွေးလွန်တုပ်ကွေးက လတ်တလော သေတဲ့ရောဂါပေါ့နော်။ အပူချိန်မှာတုန်းကပြောတဲ့ Heat Stroke လိုမျိုးပေါ့နော်။ အဲဒီတော့ သူရဲ့နောက် ဆက်တွဲကိစ္စဖြစ်တာထက်စာရင် သွေးလွန်တုပ်ကွေး ပိုးကို ခန္ဓာကိုယ်ကတိုက် မယ်။ တိုက်ပြီးတော့ ခန္ဓာကိုယ်ကြီးက ပြောင်းလဲမှုတွေအများကြီးဖြစ်ပြီးတော့ လတ်တလော သေတတ်တဲ့ရောဂါပဲ ဖြစ်တယ်ပေါ့နော်။ ဘာကြောင့်သေရလဲဆိုရင် ရှေ့ကပြောခဲ့သလို သွေးတွေထွက်မယ်။ ထွက်တဲ့အခါမှာ ခန္ဓာကိုယ်က ရှော့ရမယ်ပေါ့။ ရှော့မှာ ခန္ဓာကိုယ်ရဲ့အရည်ဓာတ် တွေဆုံးရှုံးသွားလို့ဖြစ်တဲ့ Hypovolaemic Shock လို့ခေါ်တာ ပေါ့နော်။ ခန္ဓာကိုယ်မှာလိုအပ်တဲ့ သွေးပ မာဏရဲ့ အရည်ပမာဏမရှိတော့တဲ့အချိန်မှာဖြစ်တဲ့ ရှော့ရမှုတွေဖြစ်မယ်။
အဲဒါပြီးတော့ ကျောက်ကပ်ကိုသွားတဲ့သွေး လည်ပတ်မှုစနစ်က ကျောက်ကပ်ကို သွေးကောင်း ကောင်းမလည် နိုင်တော့ဘူး။ ကျွန်တော်တို့ရှေ့က ဆရာတွေပြောခဲ့သလိုပဲပေါ့နော်။ ယူရင်း (Urine) လို့ ခေါ်တဲ့ ဆီးဆိုတာ သွေးကနေ တစ်ဆင့်ဖြစ်တာပေါ့။ ပြောချင်တာကတော့ လူကဘာစားစားလိုအပ်တာ တွေစုပ်ထားတယ်။ အဲဒီက ယူရင်း (Urine) လို့ခေါ် တဲ့ ဆီး(သေး)အဖြစ် ခန္ဓာကိုယ်ကစွန့်ထုတ်တယ်။
အဲဒီတော့ ကျောက်ကပ်ကိုသွားပြီး လည်ပတ်တဲ့ သွေးပမာဏမပို့နိုင်တော့တဲ့အချိန်မှာ ဆီးလုံးဝမသွားနိုင်တဲ့ အဆင့်ဖြစ်သွားနိုင်တယ်။ နောက်ပြီး ကျောက်ကပ်ပျက်စီးသွားနိုင်ပြီး လူကဖောလာတာတို့ အသက်ရှူရင်မော လာတာ တို့ ဒါတွေဖြစ်လာနိုင်ပြီး နောက်ဆုံးအဆင့်ကတော့ သေဆုံးသွားနိုင်တယ်ပေါ့။ အဲဒီတော့ သူ့မှာ အဓိကထိတာကတော့ သွေးလည် ပတ်မှု System ကို အဓိကထိတယ်ပေါ့နော်။ အဲဒီတော့ သွေးလည်ပတ်မှု System ပျက်စီးသွားပြီးတော့ ရှော့ရတာတို့၊ ကျောက်ကပ်ပျက်စီးတာတို့ အဲ ဒါတွေဖြစ်တတ်ပါတယ်။
မေး-မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးက ဘယ်လို နှစ်တွေမှာ အဖြစ်များလေ့ရှိလဲဆရာ။
ဖြေ-သွေးလွန်တုပ်ကွေးက ရှေ့ကပြောခဲ့သလိုပေါ့နော်။ မိုးဘယ်လောက်များလဲပေါ်မှာ ပိုပြီးမူတည်ပြီး အများကြီး သက်ဆိုင်တယ်။ နောက်တစ်ခုကခြင် ပေါက်ဖွားနှုန်းပေါ့နော်။ တစ်နှစ်နဲ့တစ်နှစ်က ခန့်မှန်းရတော့ခက်တယ်။ တချို့နှစ် တွေမှာ မိုးအရမ်းကြီးတယ်။ ပြီးတော့ ခြင်ကိုနှိမ်နင်းတဲ့လုပ်ငန်းတွေမလုပ် နိုင်ခဲ့တဲ့ကာလတွေရှိခဲ့ဖူးတယ်။ ဝန်ထမ်း အင်အား ကြောင့်သော်လည်းကောင်း တခြားကိစ္စတွေကြောင့် ပေါ့နော်။ အဲဒါကြောင့် ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး ပိုင်းသိပ်မလုပ်နိုင်တဲ့နှစ်တွေမှာဆိုရင် သွေးလွန်တုပ် ကွေးက ပိုထောင်တက်တတ်တယ်ပေါ့နော်။ နာဂစ်ဖြစ် ပြီးနောက်ပိုင်းနှစ်တွေပေါ့။ ၂၀၁၀ လောက်မှာ သွေးလွန်တုပ်ကွေးအဖြစ်များခဲ့တာတွေရှိခဲ့တယ်။ အဲဒါကြောင့် မိုးများပြီး စိုထိုင်းဆများရင် ခြင်ပေါက်ဖွားမှု များနိုင်တဲ့နှစ်တွေ နောက်ပြီး ကာကွယ်ရေးနဲ့ ထိန်းချုပ် ရေးလုပ်ငန်းတွေကို သိပ်မလုပ်နိုင်တဲ့နှစ်တွေမှာ သွေး လွန်တုပ်ကွေးက အဖြစ်များလေ့ရှိတယ်ပေါ့နော်။
မေး-သွေးလွန်တုပ်ကွေးနဲ့ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်လေးတွေလည်းပြောပေးပါဦးဆရာ။
ဖြေ-အဓိကတော့ သွေးလွန်တုပ်ကွေးက ခြင်ကဖြစ်တာ။ အဲဒါကြောင့် ခြင်ကိုက်မခံရအောင်နေရမယ်။ ဒါကတော့ ကာကွယ်ရေးပေါ့။ နောက်တစ်ခုကတော့ ဖြစ်ရင်ဘာလုပ်မလဲဆိုတာကို နှစ်ပိုင်းခွဲပြီး ပြောပြ သွားပါမယ်။ အဲဒီတော့ သွေးလွန်တုပ်ကွေးကခြင် ကြောင့်ဖြစ်တဲ့အတွက် ခြင်ပေါက်ဖွားနိုင်တဲ့နေရာတွေကို ရှင်းလင်းဖို့လိုတယ်။ ဥပမာ ကိုယ့် အိမ်ထဲမှာ တာယာစုတ်တွေရှိမယ်၊ အဲဒီမှာရေတွေအောင်းနေမယ်ဆိုရင် ဒီတာယာစုတ်တွေကိုမှောက်ပစ်တာတို့ ပိုး လောက်လမ်းတွေမရှိအောင်လုပ်တာတို့ ဒါမျိုးတွေ လုပ်ရမယ်ပေါ့။ နောက်တစ်ခု လူတွေသတိမထားမိ လိုက်တာက ဘုရားပန်းအိုးပေါ့။ ဘုရားပန်းအိုးကလည်း နေ့စဉ်ရေလဲမနေဘူးဆိုရင် အဲဒီထဲမှာခြင် ပေါက်မယ်။ အဲဒီဘုရားပန်းအိုး တွေနဲ့ နောက်ပြီး ကြောင်အိမ်တွေအောက်မှာထားတဲ့ အင်တုံတွေ၊ ရေထည့်ထားတဲ့ဟာတွေပေါ့။ နောက်တစ်ခုက ရေငြိမ်တွေပေါ့။ စီးဆင်းနေတဲ့ရေမှာ Aedes ခြင်က မပေါက်နိုင်ဘူး။ သူကငြိမ်နေတဲ့ရေမှာပေါက်တဲ့အတွက် ရေငြိမ် တွေကို သတိထားပြီး ဖုံးသင့်တာဖုံးရမယ် သွန်သင့်တာသွန်ရမယ်။ ပိုးလောက်လမ်းတွေရှိရင်လည်း ခပ်ထုတ်ပစ်ရမယ်။ နောက်တစ်ခုကတော့ ရေစစ်ထားတာပေါ့။ ပိုးလောက်လမ်းတွေမဖြစ်အောင် ဒါမျိုးတွေလုပ်သင့်ပါတယ်။ နောက်တစ်ခု က အိုးခြမ်းပဲ့လိုမျိုး ရေတင်ကျန်နိုင်တဲ့နေရာတွေရှိရင်လည်း ဒါတွေကိုစွန့်ပစ်တာတို့ ဒါမျိုးတွေလုပ်သင့်တယ်။ ဒါက တော့ ခြင်ဖြစ်စေတဲ့ပိုးလောက်လမ်းကို မဖြစ်အောင် လုပ်တာပေါ့နော်။
နောက်တစ်ခုက ခြင်အဆင့်ရောက်လာပြီဆိုရင် ခြင်ကိုက်မခံရအောင်နေရမယ်။ ခြင်ကိုက်မ ခံရအောင်နေဆိုတဲ့ နေရာမှာ မြန်မာတွေယူဆထား ကြတဲ့တစ်ခုက နည်းနည်းလွဲနေတာရှိတယ်။ ညမှ ခြင်ထောင်ထောင်ပြီးတော့ အိပ်ကြ တာ။ ဒါပေမဲ့ Aedes ခြင်က ထူးဆန်းတယ်။ အလင်းရောင်ရှိတဲ့ အချိန်မှာထွက်တယ်။ အဲဒါကြောင့် နေခင်းဘက် အိပ်ရင်လည်း ခြင်ထောင်ထောင်ပြီးတော့ အိပ်ကြဖို့လိုတယ်။ ခြင်နဲ့ထိတွေ့မှုကို လျှော့ချဖို့လိုတယ်။
ကလေးကို ကျောင်းကိုလွှတ်ပြီဆိုရင်လည်း လက်ရှည်လေးဝတ်ပေးတာတို့ ခြင်ဖျန်းဆေးရည်ပေါ့နော် Repellent လိုဟာမျိုးတွေလိမ်းပေးတာတို့ ဒါမျိုးတွေလုပ်သင့်ပါတယ်။ နောက်တစ်ခုက ရောဂါဖြစ်လာရင် ဘာလုပ်ရ မလဲဆိုတော့။ မိုးရာသီမှာဖျား ရင်သွေးလွန်တုပ်ကွေးလို့မှတ်ပြီးသတိထားဖို့လိုတယ်။ သွေးလွန်တုပ်ကွေးက ခန္ဓာ ကိုယ်မှာလိုအပ်တဲ့ အရည်ဓာတ်တွေဆုံးရှုံးလို့ သေတာဖြစ်တဲ့အတွက် ဓာတ်ဆားရည်တိုက်ဖို့လိုတယ်။ ကလေးတွေကို ဓာတ်ဆားမဝင် ဝင်အောင်တိုက်ရမယ်။ အဲဒါက အသက်ပဲပေါ့နော်။ အဲဒီလိုလုပ်နေတဲ့ကြားထဲကမှ အစက်အပြောက်တွေပေါ်လာတယ်၊ ကော်ဖီရောင် တွေအန်လာမယ်၊ ဝမ်းမည်းတွေသွားတယ်၊ သွားဖုံး သွေးယိုတယ်၊ နှာခေါင်းသွေးလျှံတယ်ဆိုရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းကိုသွားသင့်ပါတယ်။ ဆေးမြီး တိုတွေနဲ့မကုသင့်ဘူးလို့တော့ ကျွန်တော်အကြံပေးချင် ပါတယ်။
မေး-သွေးလွန်တုပ်ကွေးရောဂါက ကိုယ်ခံအားနည်း တာနဲ့ဆိုင်လားဆရာ။
ဖြေ-သွေးလွန်တုပ်ကွေးက ကိုယ်ခံအားနည်းတာ၊ များတာနဲ့တော့မဆိုင်ဘူး။ သူကတော့ ခန္ဓာကိုယ်ရဲ့ immune system လို့ခေါ်တဲ့ ကိုယ်ခံအားက ဒီပိုးကို စစ်တလင်းလိုမျိုးတိုက်တဲ့အတွက်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဆိုတော့ ကိုယ်ခံအား နည်းတဲ့လူတွေမှာဖြစ်ရင်တောင်မှ ကိုယ်ခံအားနည်းတဲ့ အောက်ခံရောဂါကြောင့်သာ အန္တရာယ် တစ်ခုခု ဖြစ်ရင်ဖြစ်သွားမယ်။ သွေးလွန်တုပ်ကွေးက ထူးဆန်းတယ်။ ကိုယ်ခံအားနည်းတဲ့လူတွေမှာ သိပ်ပြီးမပြင်း ထန်ဘူး။ တချို့ဆို အိမ်မှာစားသောက်နေတဲ့ကလေးတွေ၊ နောက်ပြီး လန်းလန်းဆန်းဆန်းကလေးတွေ အဲဒီလို ကလေးတွေမှာ ပိုပြီးဖြစ်တယ်။ ကိုယ်ခံအား ကောင်းရင်ကောင်းသလို ခန္ဓာကိုယ်ရဲ့ immune က ပြန်တိုက်တာဖြစ်တဲ့ အတွက် ကိုယ်ခံအားနည်းရင် ရောဂါပိုဆိုးတယ်ဆိုတာမဟုတ်ပါဘူး။ ကိုယ်ခံအားကောင်းနေရင် ရောဂါကိုပိုပြီး ပြင်းပြင်း ထန်ထန်ခံစားရနိုင်တယ်။
မေး-ဟုတ်ကဲ့ဆရာ သွေးလွန်တုပ်ကွေးနဲ့ပတ်သက် ပြီး ဘာများထပ်ပြီး အကြံပြုပြောချင်ပါသေးလဲဆရာ။
ဖြေ-မိုးဦးကာလရောက်လာပြီတဲ့အတွက် သွေးလွန်တုပ်ကွေးက အဖြစ်များတယ်။ အကြံပြုချင်တာကတော့ နံပါတ်(၁)က သွေးလွန်တုပ်ကွေးကခြင်က ဖြစ်တဲ့ရောဂါဖြစ်တဲ့အတွက်ကြောင့် ခြင်ကိုနှိမ်နင်း ဖို့လိုတယ်။ ပိုးလောက်လမ်း အဆင့်မှာတင် ‘ဖုံး၊ သွန်၊ ခတ်၊ စစ်၊ လောင်း၊ ထောင်၊ လဲ၊ ဖွင့်၊ မြှုပ်၊ ရှင်း၊ မှုတ်’ ဒါမျိုးတွေအကုန်လုံးကို လုပ်သင့်တယ်။ ဖုံးသင့်တာ ဖုံး၊ သွန်သင့်တာသွန် ဒါမျိုးတွေပေါ့။ နောက်ပြီးတော့ ဆေးခတ်တာတွေရှိတယ်ပေါ့။ အဲဒါတွေကို ကျန်းမာ ရေးဌာနက လိုက်လုပ်ပေးနေတာရှိတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ ဒါကို ပူးပေါင်းဆောင် ရွက်သင့်တယ်။ နောက်တစ်ခုက ရောဂါဖြစ်ပြီဆိုရင်တော့ ဟုတ်ဟုတ်-မဟုတ်ဟုတ် သွေးလွန်တုပ်ကွေး လို့ယူဆပြီးတော့ သေချာဂရုစိုက် သင့်တယ်။ ကလေးကို ဓာတ်ဆားရည် ဝင်အောင်တိုက်သင့်တယ်။ ဓာတ်ဆားရည်သောက်နေတဲ့ကြား ကမှ သွေးသွန်တဲ့လက္ခ ဏာတစ်ခုခုဖြစ်တဲ့ နှာခေါင်းသွေးလျှံတယ်။ သွားဖုံး သွေးယိုတယ်။ အစက်အပြောက်တွေ အများကြီး ပေါ်လာရင်တော့ နီးစပ်ရာဆေးရုံ ဆေးခန်းပြသင့်တယ်။ မပေါ့သင့်တဲ့ရောဂါတစ်ခုလို့ပဲ ကျွန်တော် ပြောချင်ပါတယ်။ နောက်တစ်ခုက ခြင်ဆေးဖျန်းနေ တဲ့ကိစ္စတွေပေါ့။ အခုနောက်ပိုင်းတော့ သိပ်မလုပ် တော့ပါဘူး။ အဲဒါတွေကလည်း နောက်ပိုင်း ခြင်တွေက ဒီပိုးသတ်ဆေးကို ခံနိုင်ရည်ရှိသွားပြီပေါ့။ အဲဒီအတွက် ခြင်ဆေးဖျန်း ထားပြီဆိုပြီး ခြင်ထောင်မထောင် ဘဲနဲ့အိပ်တာတို့ မလုပ်သင့်ပါဘူး။ အဓိကကတော့ခြင် ကိုက်မခံရအောင်နေတာ အကောင်းဆုံးလို့ပဲ ပြောချင်ပါတယ်။
အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာပေါ်မှာ ဘေးအန္တရာယ်အကင်းဆုံးမြို့လို့ သတ်မှတ်ခံထားရတဲ့ ဂျပန်တို့ရဲ့မြို့တော် တိုကျိုအကြောင်း (ဗဟုသုတဆောင်းပါး)
RELATED POSTS
03 Oct 2024 | အင်တာဗျူး,ပြည်တွင်း