ပါကစ္စတန်အစိုးရက ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း၏ ပါတီအား နိုင်ငံရေးတွင် မပါဝင်နိုင်ရန် ပိတ်ပင်
ALynn (NSS) - ဇူလိုင် ၁၆
ပါကစ္စတန် အစိုးရသည် ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း၏ပါတီ Tehreek-e-Insaf ကို ဥပဒေအတိုင်း ဖယ်ရှားရန် စီစဉ်နေကြောင်း ပြန်ကြားရေးဝန်ကြီး Attaullah Tarar က တနင်္လာနေ့ (ဇူလိုင်လ ၁၅ ရက်) တွင် ကြေညာခဲ့သည်။ တရားရုံးက ယခင်ပြစ်ဒဏ်များကို ပယ်ဖျက်ပြီး ရက်ပိုင်းအကြာတွင် အစိုးရအဖွဲ့သည် ၎င်းအပေါ် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွဲချက်အသစ်များတင်ရန် ကြိုးပမ်းနေသည်။
လက်ရှိတွင် အဂတိလိုက်စားမှုစွဲချက်များဖြင့် အကျဉ်းချခံနေရသော အသက် ၇၁ နှစ်အရွယ် ခမ်းသည် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ ထိုအချိန်မှစ၍ ၎င်းသည် စွဲချက်ပေါင်း ၁၀၀ ကျော်ကို ရင်ဆိုင်ခဲ့ရပြီး ၎င်း၏ပါတီက နိုင်ငံရေးအရ လှုံ့ဆော်မှုများကို ဖန်တီးနေသည်ဟု စွပ်စွဲခံခဲ့ရသည်။
Tehreek-e-Insaf ပါတီသည် နိုင်ငံတော်ဥပဒေကို ချိုးဖောက်ပြီး နိုင်ငံခြားတိုင်းပြည်များထံမှ ငွေလက်ခံရယူနေကြောင်း ဖော်ပြသည့် “ယုံကြည်ရလောက်သော အထောက်အထားများ” ရရှိထားကြောင်း ပြည်ထဲရေးဝန်ကြီးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ယမန်နှစ်က ခမ်း အဖမ်းခံရပြီးနောက်ပိုင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဓိကရုဏ်းများကို လှုံ့ဆော်ခဲ့သည်ဟု အစိုးရအဖွဲ့က စွပ်စွဲခဲ့သည်။ ခမ်း ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ၂၀၂၃ ခုနှစ်၊ မေလတွင် ပါကစ္စတန်၌ ပြင်းထန်သော ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး ပါကစ္စတန်တရားရုံးချုပ်က ၎င်းအား လွှတ်ပေးရန် အမိန့်ပေးသောအခါတွင်လည်း နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်စေခဲ့သည်။ နောက်ပိုင်းတွင် ၎င်းအား အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ထပ်မံဖမ်းဆီးပြီး အကျဉ်းချခဲ့ ပြန်သည်။
ကွာရှင်းပြီးနောက် မကြာမီလက်ထပ်ခြင်းဖြင့် အစ္စလာမ့်ဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲခံထားရသော ခမ်းနှင့် ၎င်း၏ဇနီး Bushra အား ပါကစ္စတန်တရားရုံးတစ်ရုံးက ချမှတ်ထားသော ထောင်ဒဏ် ခုနစ်နှစ်ပြစ်ဒဏ်ကို လွန်ခဲ့သည့်နှစ်ရက်က ပယ်ဖျက်လိုက်သည်။ ဇွန်လ အစောပိုင်း တွင် အစ္စလာမာဘတ် တရားရုံးချုပ်သည် နိုင်ငံတော်လျှို့ဝှက်ချက်များ ပေါက်ကြားခဲ့သည်ဟု စွပ်စွဲခံထားရသည့် ခမ်းအား စီရင်ချက်ချခဲ့သည်။ စီရင်ချက်အများအပြားသည် ခမ်းနှင့် ၎င်း၏ပါတီအား ဖေဖော်ဝါရီလ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် တားမြစ်ထားသည်။
ခမ်းက ၎င်းသည် ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ပြီးနောက် ဝါရှင်တန်သည် ပါကစ္စတန် စစ်တပ်နှင့် ပူးပေါင်း၍ ၎င်း၏အစိုးရကို ဖြုတ်ချရန် ကြံစည်ခဲ့သည်ဟု ခမ်းက စွပ်စွဲခဲ့သည်။ တနင်္လာနေ့တွင် ဝန်ကြီး Tarar က ခမ်းသည် အစ္စလမ်မာဘတ်နှင့် ဝါရှင်တန်ကြား ဆက်ဆံရေးကို ပျက်စီးစေရန် ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနည်းပညာကုမ္ပဏီကြီးက ၎င်း၏မူလအနောက်နည်းပညာလုပ်ငန်းအုပ်စုမှ ခွဲထွက်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ