တရားမဝင်သစ်တောထွက်ပစ္စည်းများထုတ်လုပ်ခြင်းမှ တားဆီးကာကွယ်ရန်အတွက် ဟားခါးမြို့နယ်ရှိ ဧက(၁၅၀၀)ကျော် ကျယ်ဝန်းသော နယ်မြေကို “ရုန်းတောင်ကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်
စော (NSS) - ဇွန် ၁၃
တရားမဝင်သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းမှ တားဆီးကာကွယ်ရန်အတွက် ဟားခါးမြို့နယ်ရှိ ဧက (၁၅၀၀)ကျော် ကျယ်ဝန်းသော နယ်မြေကို “ရုန်းတောင်ကြိုးပြင်ကာကွယ်တော”အဖြစ် သတ်မှတ်ခဲ့ကြောင်း သယံဇာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ထားချက်အရ သိရသည်။
ဟားခါးမြို့၏ အဓိက တည်နေရာ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် တားမြစ်အပင်ဖြစ်သည့် ထင်းရှူးပင်နှင့် ဒေသမျိုးရင်းသစ်မျိုးများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်နိုင်ရန်၊ တရားမဝင်သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းမှ တားဆီးကာကွယ်နိုင်ရန် ရည်ရွယ်၍ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနထံက သိရသည်။
ထို့ပြင် တရားမဝင်အမဲလိုက်ခြင်းအား ကာကွယ်တားဆီးနိုင်ရန်၊ မြေပြိုတိုက်စားခြင်းနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန်၊ ရာသီဥတုသာယာမျှတစေပြီး စိမ့်စမ်းရေထွက်များအား ထိန်းသိမ်းကာကွယ်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုလျော့နည်းသက်သာစေရန်ရည်ရွယ်၍ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။
ထိုသို့သတ်မှတ်ရာတွင် ၂၀၁၈ ခုနှစ်က ပြဋ္ဌာန်းထားသော သစ်တောဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် ချင်းပြည်နယ်ဟားခါးခရိုင်၊ ဟားခါးမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၁၅၁၇) ဧကရှိသောနယ်မြေကို “ရုန်းတောင်ကြိုးပြင်ကာကွယ်တော” အဖြစ် ပြီးခဲ့သည့် ဇွန်လ ၅ ရက်မှစ၍ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့သို့ ရုန်းတောင်ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော တားမြစ်သစ်ပင်ဖြစ်သည့် ထင်းရှူးပင်နှင့် ဒေသမျိုးရင်းသစ်မျိုးများဖြစ်သည့် ထင်းရှူးပင်၊ ချယ်ရီပင်၊ တောင်ဇလပ်ပင်၊ ဝက်သစ်ချပင်၊ သစ်အယ်ပင်၊ မိုင်းဘောပင်၊ ကရဝေးပင်နှင့် သစ်ကြားပင်စသည့်တို့အား ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် သဘာဝပန်းအလှပင်များ၊ ချိုချဉ်သစ်ခွ၊ နုခါသစ်ခွ၊ ငါးရိုးသစ်ခွစသည့် သစ်ခွမျိုးများအား ထိန်းသိမ်းနိုင်ခြင်း၊ ချေ၊ တောကြောင်၊ ယုန်စသည့်တိရစ္ဆာန်များ၏ နေထိုင်ကျက်စားရာ ဒေဿအားထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဟားခါးမြို့သောက်သုံးရေရရှိရေးအတွက် အထောက်အကူဖြစ်စေသည့် စိမ့်စမ်းရေထွက်များအား ထိန်းသိမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လှိုင်မြစ်လယ်တွင် ကျောက်ချရပ်ထားသည့် ငါးဖမ်းစက်လှေတစ်စီးတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်ဦးဒဏ်ရာရ
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ