ခရီးသွားလာခွင့်အခကြေးငွေ ကောက်ခံမယ့်အစီအစဉ်ကို ထိုင်းအစိုးရဖျက်သိမ်း
Pika (NSS) - ဇွန် ၁၃
ထိုင်းအစိုးရဟာ ၎င်းတို့နိုင်ငံတွင်းကို လေကြောင်းကနေရောက်ရှိလာတဲ့ခရီးသွားတွေအတွက် ခရီးသွားခွင့် အခကြေးငွေ ဘတ်(၃၀၀) ကောက်ခံမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်ဆာရက်တာသာဗီဆင်ဟာ ပြီးခဲ့တဲ့ ဇွန်လ(၈)ရက်မှာ ချင်းမိုင်ပြည်နယ်ကို သွားရောက်လည်ပတ် စဉ်အချိန်အတွင်း ခရီးသွားခွင့်အခကြေးငွေကောက်ခံမယ့်အစီအစဉ်ကို ဖျက်သိမ်းမယ့်အစိုးရရဲ့ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထိုင်းအစိုးရ ပြည်သူ့ဆက်ဆံရေးဌာနက “ဒီအစီအစဉ်ဟာ အခြားဒေသတွေမှာ ခရီးသွားလာမှုအသုံးစရိတ်ကို ပိုမိုမြင့်မားလာစေနိုင်တာမလို့ အခကြေးငွေကောက်ခံမယ်အစီအစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ပြောထားပါတယ်။
ထိုင်းနိုင်ငံရဲ့ယခင်အစိုးရဟာ ခရီးသွားလာခွင့်အခကြေးငွေကောက်ခံမယ့်အစီအစဉ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ မှာ အတည်ပြုခဲ့တာဖြစ်ပြီး ကောက်ခံရရှိထားတဲ့ အခကြေးငွေတွေကို ခရီးသွားလုပ်ငန်းကို စီမံခန့်ခွဲဖို့နဲ့ ဖွံ့ဖြိုး တိုးတက်စေဖို့အတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ဖူးပါတယ်။
ဒါပေမယ့်လည်း အခကြေးငွေကောက်ခံမယ့်အစီအစဉ်ကို ပုဂ္ဂလိက ကဏ္ဍတွေက ဆန့်ကျင်ကန့်ကွက်မှုတွေ ရှိခဲ့တယ်လို့ ပြည်သူ့ဆက်ဆံရေးဌာနက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ လတွေအတွင်း ထိုင်းအစိုးရဟာ နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့လမှာ ထိုင်းအစိုးရဟာ ခရီးသွားတွေ၊ ဘွဲ့လွန်ကျောင်းသားတွေ နဲ့ အလုပ်သမားတွေအတွက် ရှည်လျားတဲ့ နေထိုင်ခွင့်ကာလဗီဇာအပြင် အငြိမ်းစားတွေအတွက် ပိုမိုကောင်းမွန်တဲ့ဗီဇာကို အတည်ပြုပေးခဲ့တယ်လို့လည်း သိရပါတယ်။ ထိုင်းအစိုးရဟာ ယခုလကနေ စတင်ပြီး နိုင်ငံပေါင်း(၉၃)နိုင်ငံက ခရီးသွားတွေကို နိုင်ငံအတွင်းမှာ ရက်ပေါင်း(၆၀)ကြာ နေထိုင်ခွင့်ပေးမှာဖြစ်ပြီး နောက်ထပ်ဆိုက်ရောက်ဗီဇာတွေလည်း အကျုံးဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျီ ၇ ထိပ်သီးအစည်းအဝေးအတွင်း အမေရိကန် နဲ့ ယူကရိန်းနိုင်ငံကြား လုံခြုံရေးသဘောတူညီမှုစာချုပ်အသစ်ချုပ် ဆိုမယ်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း