လွိုင်ကော်မြို့တွင် Kpay သွားထုတ်သော နိုင်ငံ့ဝန်ထမ်းအရာရှိ (၂)ဦး ပစ်ခတ်သတ်ဖြတ်ခံရ
မြူနစ် (NSS) - ဇွန် ၈
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် Kpay သွားထုတ်သည့် နိုင်ငံ့ဝန်ထမ်းအရာရှိ (၂)ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။လွိုင်ကော်မြို့၌ တာဝန်ကျနေသည့် သတ္တုတွင်းဦးစီးဌာနမှ ဒုညွှန်မှူးဦးယဉ်ကျော်အောင်နှင့် စက်မှုလယ်ယာဦးစီးဌာနမှ ဦး စီးအရာရှိ ဦးဇော်ငြိမ်းလတ်တို့သည် ဇွန် ၅ ရက်၊ ညနေပိုင်းတွင် နမ့်ဘော်ဝမ်ရပ်ကွက်၌ ၎င်းတို့၏ လစာငွေကို Kpay ဖြင့် သွားထုတ်စဉ် လုပ်ကြံခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“သာသနာဗိမာန်မှာ အားလုံးစုနေကြတာပေါ့ ဌာနဆိုင်ရာဝန်ထမ်းတွေက။ အဲဒီနှစ်ဦးက Kpay သွားထုတ်တဲ့ အချိန်မှာ ဖြစ် သွားတာ။ သူတို့က ပြည်ထောင်စုဘတ်ဂျက်ထဲကနေ လစာရတဲ့သူတွေပေါ့။ လစာကို နေပြည်တော် သို့မဟုတ် တောင်ကြီးကနေ ထုတ်တာ။ ထုတ်ပြီးတဲ့အခါကြတော့ အဲဒီမှာ နှစ်ယောက်ရှိရင် နှစ်ယောက်ပေါ့ သူတို့အတွက် လစာကို လွှဲပေးတာ။ နမ့်ဘော်ဝမ်ဘက်မှာ Kpay သွားထုတ်ရင်းနဲ့ လုပ်ကြံခံရတာပေါ့။ Kpay ထုတ်ပြီးတဲ့အချိန်မှာပဲ လုပ်ကြံသူတွေရောက်လာပြီး တည်ပစ်သွားတာ။ နေရာမှာပဲ ဆုံးသွားတယ်။ ဖုန်းတွေ၊ ပိုက်ဆံတွေ၊ ကားတွေ အကုန်ပါသွားတယ်” ဟု လွိုင်ကော်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက NSS ကို ပြောသည်။
ထိုသို့လုပ်ကြံခံရသူ(၂)ဦးအနက် သတ္တုတွင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဦးယဉ်ကျော်အောင်သည် အငြိမ်း စားဗိုလ်ကြီးတစ်ဦးဖြစ်ကြောင်း သိရပြီး လွိုင်ကော်မြို့သို့ ပြောင်းရွှေ့ထမ်းဆောင်သည်မှာ မကြာသေးကြောင်း သိရသည်။အဆိုပါနိုင်ငံ့ဝန်ထမ်းအရာရှိ(၂)ဦးကို PDF ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဌာနဆိုင်ရာဝန်ထမ်းတွေလည်း ပြန်ဝင်ပြီဆိုတော့ နည်းနည်းလန့်သွားအောင် လုပ်တာလည်း ပါမှာပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။
KNDF နှင့် PDF ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ၁.၁.၁.၁ စစ်ဆင်ရေးအမည်ဖြင့် တိုက်ပွဲများကို ဖော်ဆောင်ခဲ့ပြီး ယင်းကဲ့သို့ ဖော်ဆောင်လာသည့်တိုက်ပွဲများကြောင့် အစိုးရ၏ ဌာနဆိုင်ရာနိုင်ငံ့ဝန်ထမ်းအများအပြားသည် အခြားသောမြို့များသို့ ရွှေ့ပြောင်းကာ တွဲဖက်တာဝန်ထမ်းဆောင်မှုများ ရှိခဲ့သည်။
နစကအစိုးရအနေဖြင့် လွန်ခဲ့သော လပိုင်းအတွင်း၌ လွိုင်ကော်မြို့တွင် အုပ်ချုပ်ရေးယန္တရားပြန်လည် လည်ပတ်ရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများကို ပို့ဆောင်စေလွှတ်မှုများရှိခဲ့ကြောင်း သိရသည်။ နစက၏ ကယားပြည်နယ်အစိုးရအနေဖြင့် လွိုင်ကော်မြို့တွင် အုပ်ချုပ်ရေးလုပ်ငန်းများကို ပြန်လည်စတင်နေပြီဖြစ်သော်လည်း မြို့နှင့်အနီးတစ်ဝိုက်တွင် KNDF နှင့် PDF အဖွဲ့ဝင်များ ရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ရေးအကူအညီတွေ နှောင့်နှေးမှုအတွက် ယူကရိန်းသမ္မတကို အမေရိကန်သမ္မတတောင်းပန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း